ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မိုးမိတ်မြို့နယ်အတွင်း စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်ရှိလာပြီး မြို့တွင်း နေအိမ်တွေရဲ့ ၄ ပုံ ၃ ပုံ ပျက်စီးသွားပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “နီးစပ်ရာ စစ်ရှောင်စခန်းတွေက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဇရပ်နဲ့နီးစပ်တဲ့ ရွာကအိမ်တွေမှာ ရှောင်ကြတယ်။ ကျမတို့ ကောက်ထားတဲ့ စာရင်းအရတော့ စစ်ရှောင် ၁,၀၀၀ ကျော် ရှိလာပြီး စာရင်းမကောက်ရတာတွေလည်း ရှိသေးတယ်” လို့ ပြောပါတယ်။
မိုးမိတ်ဒေသခံတချို့ မန္တလေးနဲ့ ရန်ကုန်မြို့တွေကို တိမ်းရှောင်နေကြသလို မြို့နယ်တွင်းက ကျေးရွာတွေမှာလည်း တိမ်းရှောင်နေသူတွေ ရှိပြီး စစ်ရှောင်ကူညီရေးအဖွဲ့တွေက စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ်။
“လက်ရှိ မြို့ထဲမှာနေလို့ မရတော့ဘူး။ မြို့နဲ့မိုင်၂၀ ဝေးတဲ့ စစ်ရှောင်စခန်းတွေကိုတော့ ရိက္ခာ ဝယ်ဖို့ ငွေကြေးထောက်ပံ့ ပေးနေတာရှိပါတယ်။ စာရင်း ရထားသလောက် ထောက်ပံ့ပေးနေပါတယ်။”
ဇန်နဝါရီ ၁၈ ရက်ကစပြီး မိုးမိတ်မြို့သိမ်းတိုက်ပွဲဖော်လာတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး မြို့တွင်း အိမ်တွေလည်း ပျက်စီး ခဲ့သလို ဒေသခံတွေလည်း သေဆုံးမှု ရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် မိုးမိတ်မြို့ပေါ်ကဒေသခံတွေ တိမ်းရှောင်နေရပြီး ပိတ်မိနေသူတွေ ရှိပေမဲ့ ပစ်ခတ်မှုတွေကြောင့် ကယ်ဆယ်လို့ မရသေးဘူးလို့ ကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေထံ က သိရပါတယ်။
မိုးမိတ်မြို့ပေါ်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အတည် မပြုနိုင်သေးပါဘူး။