ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်(အေအေ)က အလုံးစုံထိန်းချုပ်ထားပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၂၄ ရက် မနေ့ညက ထုတ်ပြန်ပြီး အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
တချိန်တည်းမှာပဲ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ ရသေ့တောင်မြိုနယ်တွေမှာ စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ဆိုပါတယ်။
ဒါ့အပြင် ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နဲ့ အနီးတဝိုက်နေရာတွေကို မနေ့က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်၊ အဆောက်အအုံနဲ့ ချောင်ကူးတံတားတချို့ ထိမှန်ပျက်စီးခဲ့သလို ရမ္မာဝတီ စျေးဆိုင်တန်းက ဆိုင်ခန်း ၆ ခန်းလောက်လည်း စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးခဲ့ပါတယ်။
ရမ်းဗြဲမြို့ရှိ တိမ်တောင်စေတီတော်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂၄ ရက် မနက် ၈ နာရီမှာ အေအေက သွားရောက်တိုက်ခိုက်ရာက ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရမ်းဗြဲမြို့ မြို့လယ်ဓမ္မာရုံနဲ့ တိမ်တောင်စေတီတော်ကုန်းမြေအထက်မှာ စစ်တပ်က တပ်စခန်းချ နေတာဖြစ်ပြီး တိုက်ပွဲဖြစ်တဲ့အခါ စစ်လေယာဥ် ၃ စင်းနဲ့ ပစ်ခတ် တိုက်ခတ်ခဲ့တယ်လို့ ရမ်းဗြဲမြို့ ဒေသခံ တဦးက ပြောပါတယ်။
"မနက်ကဖြစ်သွားတာ ၂ နာရီလောက်ကြာသွားတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း တကြိမ်ဖြစ်ပြီးလို့ မြို့မှာ မနေရဲတော့ဘူး။ အားလုံး အိမ်ကို စွန့်ပြီး ပြေးကြရတာ။ အခု မြို့ပေါ်က အိမ်တွေမှာ လိုက်ဖောက် နေတယ်ကြားလို့ မနက်က လာကြည့်တာပါ။ မနက်တုန်းက စစ်တပ်က လေယာဥ် ၃ စီးနဲ့လာပစ်တာ တိမ်တောင်နားကအိမ်တွေ မီးလောင်ကုန်ပြီ။"
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းကစပြီး ရမ်းဗြဲမြို့မှာ စစ်တပ်နဲ့အေအေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးကာ ၄ ယေက်ထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ ရမ်းဗြဲမြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲတွေစတင်ကတည်းက ရမ်းဗြဲမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေအပါအဝင် ရေတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေထံ က သိရပါတယ်။
မောင်တောမြို့နယ်မှာလည်း မောင်တောအခြေစိုက် စစ်ကောင်စီရဲ့ “မောရဝတီဗျူဟာ” ကနေ မနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကိုင်းကြီး (မြို) ကျေးရွာက ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ “စကခ (၁၅)” ကနေ မနေ့ ညနေ ၅ နာရီခွဲလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ မောင်နှမပုလဲတောင်ရွာကြီးက အရွယ်မရောက် သေးတဲ့ ညီအစ်ကို ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ယောက် အပါအဝင် ၈ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။