ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား တယောက်ကို စိတ်ကြွမူးယစ်ဆေးပြား ၃၀၀၀၀ ကျော်နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၄ ရက် ညနေ သတင်းစာရှင်းလင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
မနေ့ မနက် ၁၀ နာရီလောက်က မြဝတီဘက်ကလာတဲ့ မှန်လုံကားတစီးကို မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ၁ ရှိ ထိုင်း အကောက်ခွန်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာက စိတ်ကြွဆေးပြား ၃၁,၁၁၆ လုံးနဲ့အတူ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စိတ်ကြွဆေးတွေသယ်လာတဲ့ ပိုင်ရှင် အမျိုးသမီး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွား တယ်လို့ ဆိုပါတယ်။၊
ဖမ်းဆီးရမိတဲ့ ယာဉ်မောင်းဖြစ်သူကိုတော့ ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူဖို့ မဲဆောက်မြို့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီလို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ကနေ ချစ်ကြည်ရေးတံတားဖြတ်ပြီး သယ်လာတဲ့ စိတ်ကြွဆေးပြားတွေကို မဲဆောက်မြို့မှာ မကြာခဏ ဖမ်းဆီးရမိနေပြီး အခုတကြိမ်က ပမာဏ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။