Home
မြန်မာသတင်း
ရပ်စောက်တွင် ကျပ်သန်းပေါင်း ၁၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
January 24, 2024
drug1_24012024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ ငွေကျပ်သန်းပေါင်း ၁၂,၅၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုအဖွဲ့က ဇန်နဝါရီ ၂၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။

မော်တော်ယာဉ် ၂ စီးနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်မယ်လို့ သတင်းရတာကြောင့် ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၇ ရက်နေ့ ည ၇ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တောသွားကားလမ်း၊ ထင်းကွင်းကျေးရွာနားမှာ စောင့်ဆိုင်းနေတုန်း အင်တောကနေ ရပ်စောက်ဘက်ကို သတင်းရထားတဲ့ ကား ၂ စီး ရောက်လာတယ်လို့ ဆိုပါတယ်။

ဇော်ဝင်းသိန်း မောင်းနှင်ပြီး ထူးဝင့်မောင် လိုက်ပါလာတဲ့ HILUX ကားနဲ့ အောင်ပြည့်စုံဦး(ခ)ပြည့်စုံ မောင်းနှင်ပြီး မထူးထူးအောင် လိုက်ပါလာတဲ့ CANTER ၆ ဘီး ကားတို့ဖြစ်ပြီး ရှာဖွေခဲ့ရာမှာ CANTER ၆ ဘီးကားပေါ်က မီးသွေးအိတ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၂၅ သန်းဖမ်းမိပြီး ဒါတွေဟာ ဒေသကာလတန်ဖိုး ကျပ်သန်းပေါင်း ၁၂,၅၀၀ တန်တယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေရဲ့ ဖော်ထုတ်ချက်အရ တာဝန်ခံသယ်ဆောင်ခိုင်းသူ အောင်ကျော်မျိုး (ခ) ရဲထွဋ် (ခ) ရှမ်းလေးကို အဲဒီနေ့ည ၁၁ နာရီခွဲလောက်မှာ ရွှေညောင်မြို့၊ ပြည်ထောင်စုလမ်းက သူ့ရဲ့အိမ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ အဲဒီစိတ်ကြွဆေးပြားတွေကို ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေးရွာကနေ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ကို သယ်ဆောင်တာလို့သိရပြီး ဖမ်းမိသူတွေကိုတော့ ဥပဒေအရ အရေးယူထားသလို ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024