Home
မြန်မာသတင်း
အယုဒ္ဓယတွင် မြန်မာစားသောက်ကုန်တင်ကားပေါ်မှ  စိတ်ကြွဆေးပြား ၁၅ သန်းခွဲကျော် ဖမ်းမိ 
DVB
·
December 12, 2024

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာပြည်ထွက် စားသောက်ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ဟိုင်းလပ်စ်ကားတစီးအတွင်း စိတ်ကြွဆေးပြား ၁၅ သန်း ၆ သိန်း ဖမ်းဆီးရမိတယ်လို့  ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက် သတင်းစာ ရှင်းပွဲမှာ ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက် ညက အယုဒ္ဓယခရိုင်၊ ဘန်ပအင်မြို့နယ်၊ ချိန်းလတ်နွဲ့အုပ်စုထဲမှာ  ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ မီးခိုးရောင်ဟိုင်းလပ်စ်ကားတစ်စီး  မောင်းဝင်လာပြီး ဂိုဒေါင်တလုံးရှေ့မှာ ကားကို ရပ်နားခဲ့တာကို ရဲတွေက မသင်္ကာလို့ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ ကားပေါ်ကနေ မြန်မာပြည်ထုတ် ခေါက်ဆွဲ၊ ကော်ဖီ အစရှိ စားသောက်ကုန် ပစ္စည်းတွေ တင်ဆောင်ထားတာတွေ့ရပြီး အဲဒီပစ္စည်းတွေ ဖယ်ထုတ်လိုက်တော့ အောက်မှာ ဆာလာအိတ်အဖြူရောင် ၇၈ အိတ်ကို တွေ့ရှိတယ်၊  အိတ်တအိတ်ကို စိတ်ကြွဆေး ၂ သန်းပါရှိပြီး စုစုပေါင်း စိတ်ကြွဆေး ၁၅ ဒသမ ၆ သန်းကို ဖမ်းဆီးရမိတာလို့  ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရမ်း နွန်းမားက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ယာဉ်မောင်းမှာ အသက် ၃၀ နှစ်ရွယ် နိုင်းဝီရထိပ် ဆိုသူ ထိုင်းနိုင်ငံသားတယောက်ဖြစ်ပြီး ပထုန်ဌာနီက စက်ရုံတရုံမှာ အလုပ်လုပ်တယ်၊ လုပ်အားခ တလ ဘတ် ၁၇,၀၀၀ ရပေမဲ့ ကိုယ် ဝန်ဆောင် ဇနီးဖြစ်သူ မွေးဖွားတော့မှာမို့  အပြင်ဝင်ငွေရအောင် ကားပါ မောင်းခဲ့တယ်။ သူ့ရဲ့ တာဝန်က အသင့်လာရပ်ထားတဲ့ ကားတစီးကို ဂိုဒေါင်ဆီအရောက် မောင်းပို့ပေးဖို့ပဲ၊ ယာဉ် မောင်းခ တကြိမ်ကို ဘတ် ၁၀,၀၀၀ ကနေ  ၃၀,၀၀၀ ထိရတယ်လို့ ပြောပါတယ်။ 

အဆိုပါကားဟာ ထိုင်းအနောက်ပိုင်း မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ဘက်ကနေ ဝင်ရောက်လာတာဖြစ်တယ်၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်ဟာ  မူးယစ်ဆေးဝယ်ယူသူ အသွင်ဆောင်ပြီး တွစ်တာလူမှုကွန်ရက်ရှိ နမ့်မိုက်အပ် ဆိုတဲ့ အုပ်စုထဲ ဝင်လိုက်တယ်၊ အဲဒီထဲမှာ မူးယစ်ဆေး ဖြန့်ဝေမှုရှိကြောင်း သတင်းရတာကြောင့်  မသင်္ကာသူတွေကို စုံစမ်းထောက်လှမ်းတယ်၊  နမ့်မိုက်အပ်အုပ်စုဟာ ဒီမတိုင်ခင်ရှေ့က ဖစ်ချဘွန်းခရိုင်ထဲမှာ မိတ်ဆုံစားပွဲရှိခဲ့တယ်၊ နိုင်းဝီရထိပ် ဟာလည်း အဲဒီကို သွားရောက်ခဲ့တယ်။ ဒါကြောင့် အဲဒီအဖွဲ့ကို ပစ်မှတ်ထားပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့  ဒုရဲချုပ်က ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး အချီကြီးတွေ ဆက်တိုက်လို ဖမ်းဆီးရမိနေတာမှာ ဒီဇင်ဘာ ၁၀ မနက်ကလည်း   မဲခေါင်မြစ်ကနေ တင်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁,၄၀၀ ,၀၀၀ ကို ထိုင်းအရှေ့မြောက်ပိုင်း နခွန်းဖနုန်ခရိုင်၊ ဘန့်ဖိုင်းမြို့နယ်၊ ဖိုင်လွမ့်ကျေးရွာအုပ်စုထဲမှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး လူ ၄ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့   ထိုင်းမူးယစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Source: Matichon / Thairath  / JoCho

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013