Home
မြန်မာသတင်း
ရေလည်မှော်ရွာကိုစစ်တပ်မီးရှို့၊ ခင်ဦးဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရ၊ ကလေးမြို့၌တံတား ၁ စင်း ဖြိုဖျက်ခံရ 
DVB
·
January 24, 2024
fire 2412024

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို ဒီနေ့ ဇန်နဝါရီ ၂၄ ရက် မနက် ၃ နာရီခွဲလောက်မှာ စစ်တပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၈ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာကို စဉ်းကူးမြို့ ခမရ-၁၂ နဲ့ ရွာသာယာရွာက ပျူတွေ ပေါင်းပြီး မီးလာရှို့တာလို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ 

“ဒီနေ့ မနက် ၃ နာရီခွဲလောက်‌ မြစ်ကို ပဲထောင်နဲ့ ကူးပြီး ရွာကို မီးရှို့သွားတာာ။ သူတို့ ရှို့ချင်လို့ ရှို့သွားတာပါ။ မီးရှို့ပြီး မနက် ၅ နာရီလောက်ရောက်တော့ ရွာက အမျိုးသမီး ၅ ဦးလောက် ဖမ်းပြီး မြစ်ဆိပ်အထိ ခေါ်‌သွားကြတယ်။ မြစ်ဆိပ်ရောက်တော့ ပြန်လွှတ်ခဲ့တယ်။” 

ဝက်လက်မြို့နယ်နေ ကိုကျားကြီးက “ရေလည်မှော်ရွာကို စစ်တပ်နဲ့ ပျူတွေးပေါင်းပြီး ရွာကို မီးလာရှို့ သွားတယ်။ တိုက်ပွဲမရှိဘူး။ မြစ်ကူးလာကတည်းက PDF ကို တိုက်ဖို့လာတာလို ပြောတယ်။ ကျနော်တို့ လာပြီဆိုတဲ့ အသံကြားရော မြစ်ကူးပြီး ပြန်ပြေးကြတာ” လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ရေလည်မှော်ရွာကို ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်ကလည်း  စစ်တပ်က မီးရှို့ခဲ့တာကြောင့် အိမ် ၅ လုံး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၁ ခု မေလကနေ ၂၀၂၃ ဒီဇင်ဘာအထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အိမ်ခြေ ၃၈၇၃၇ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်း ရေအေးကုန်းနဲ့ ကျီးကန်ရွာတွေကို ဇန်နဝါရီ ၂၄ ရက် မနက်ကစပြီး ရွှေဘိုလေ့ကျင့်ရေးတပ်က အင်အား ၄၅၀ လောက်နဲ့ နှစ်ဖွဲ့ခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျီးကန်ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျီးကန်၊ ရေအေးကုန်း၊ သံဘို၊ ကြို့ကန်၊ လက်ပံလှ၊ ရွာသန်း၊ ပန်းတွင်း၊ လောင်းရှည်၊ ပေါက်တံ၊ ဝန်းကြီး၊ လက်ပံကြီး စတဲ့ကျေးရွာတွေက ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရှမ်း​​မြောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီ အပစ်ရပ်ပြီးနောက် စစ်ကိုင်းတိုင်းဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဇန်နဝါရီလအတွင်း ခင်ဦးတမြို့နယ်တည်းကို စစ်​ကြောင်းထိုးနေတာ သုံးကြိမ်ရှိပြီလို့ သံဘိုကျေးရွာသားတဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း နေပြည်တော်ဘက်မှ ရွှေဘိုကို စစ်ကားအကြီး ၂၀ ကျော်၊ အင်အား ၈၀၀ လောက်၊ စစ်ကားအကြီး ၈ စီး အင်အား ၂၀၀ လောက်နဲ့ ဝက်လက်မြို့နယ်တွေဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ရွှေဘိုခရိုင် ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ 

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ စစ်ဘေးရှောင် ၂ ဒသမ ၆ သန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ကလေးနယ်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ တံတားတစင်းကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၃ ရက်‌‌ မနက် ၁၁ နာရီဝန်းကျင်က လာရောက်ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့၊ အိတ်စွက်ကျေးရွာနဲ့ သင်္ဘောပင်ကွင်းကြားက တံတားတစင်းကို စစ်ကောင်စီက လုံခြုံ‌‌ရေးအပြည့်ယူပြီး JCB တစီးနဲ့ လာရောက်ဖြိုချသွားတာလို့ ဆိုပါတယ်။

ကလေးမြို့နယ် ဒေသခံတဦးက “အဲ့တံတားက အရင်တခါ လာဖြိုချပြီးပြီ။ ရွာနီးက ဒေသခံတွေ ပြန်ပြုပြင်ပြီး သုံးနေကြတာ။ အခုက ဒုတိယတကြိမ် လာဖြိုတာ။ စစ်တပ်ကတော့ ကျနော်တို့ပြည်သူတွေကို သွားလာရေးခက်ခဲအောင်‌ လုပ်နေတော့တာ” လို့ ပြောပါတယ်။

အဆိုပါ ရွာချင်းဆက် ပေါင်းကူးတံတားကို စစ်တပ်က ဖြိုချသွားတာကြောင့် နတ်ကြီးကုန်း၊ ပျဉ်းခုံလေး၊ ပျဉ်းခုံကြီး စတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ ကလေးမြို့ပေါ်ကို သွားလာရတဲ့လမ်းမှာ အခက်အခဲ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်ကလည်း စစ်ကောင်စီက ကလေးမြို့အနောက်‌တောင်ပိုင်း ကျောက်ဂူတောရ ဘုန်းကြီးကျောင်းအနီး စက်မှုဇုန်လမ်းက ဒေသခံတွေ အသုံးပြုနေတဲ့ လမ်းကို JCB တွေနဲ့ တူးဖော်ကာ ဖျက်ဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးနယ်တောင်ပိုင်း ဒေသခံတဦးက “စက်မှုဇုန်က ရွာသားတွေနဲ့ ကလေးတောင်ပိုင်း ရွာတွေ ကျောက်ဂူလမ်းကို အသုံးပြုတာများတယ်။ စစ်တပ်က အခုလို လမ်းဖျက်သွားတော့ ဘယ်သူမှ မသွားရဲကြတော့ဘူး။ မိုင်းတွေထောင်ထားခဲ့ရင် မိုင်းနင်းမိမှာ ကြောက်ကြတာကြောင့်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အများပြည်သူ သွားလာနေတဲ့ လမ်းတံတားတွေ ဖျက်နေရုံနဲ့ လုံခြုံမယ်ထင်နေ‌ကြောင်း၊ ရွာခံပြည်သူတွေ သွားလာရ ခက်ခဲသွားတာကလွဲရင် တော်လှန်ရေးအတွက် ရိုက်ခတ်မှု မဖြစ်ပါဘူးလို့ ကလေးမြို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ကိုဆလိုင်းဗန်ထောင်ဘိတ်က ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကလည်း စစ်ကောင်စီက ကလေးမြောက်ပိုင်းက ရွာချင်းဆက် တံတား ၃ စင်းကို JCB နဲ့ လာရောက်ဖြိုချ ဖျက်ဆီးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024