တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အက်ခ်ဆု စီရင်စုမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၂ နာရီ ၀၉ မိနစ်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တခု လှုပ်ခတ်သွားခဲ့လို့ လူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
အင်္ဂါနေ့ ညနေပိုင်းအထိ ငလျင်ဒဏ်သင့်ဒေသတွေက ဒေသခံ စုစုပေါင်း ၁၂,၄၂၆ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောပါတယ်။
နိုင်ငံတော်ကောင်စီရဲ့ မြေငလျင် ကယ်ဆယ်ရေးဌာနချုပ်ရုံးနဲ့ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့ဟာ တရုတ်နိုင်ငံရဲ့ အဆင့် ၄ ဆင့် ငလျင်အရေးပေါ်တုံ့ပြန်ရေးစနစ်မှာ တတိယအမြင့်ဆုံးဖြစ်တဲ့ အဆင့် ၃ တုံ့ပြန်မှုတရပ်ကို စတင်လုပ်ဆောင်ခဲ့ပြီး ငလျင်ဒဏ်သင့် ဒေသတွေဆီ အလုပ်အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။
ရှင်းကျန်းရှိ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးနဲ့ သက်သာပြေလျော့ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စစ်သားတွေနဲ့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ၁,၃၀၀ ကျော်ကို စေလွှတ်ခဲ့ပါတယ်။
ရွက်ဖျင်တဲတွေနဲ့ ကုတ်အင်္ကျီတွေ အပါအဝင် ပထမအကြိမ် ကယ်ဆယ်ရေးပစ္စည်း အခု ၁၀,၀၀၀ ငလျင်ဒဏ်သင့် ဒေသတွေကို အင်္ဂါနေ့ နေ့လယ်က ရောက်ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ ကြက်ခြေနီအသင်း (RCSC) ကလည်း ငလျင်ဒဏ်သင့်ဒေသတွေကို ဂွမ်းကပ်သား ယာယီတဲတွေ၊ ဂွမ်းကပ်စောင်တွေ၊ အပြင်ဝတ်အကျီတွေနဲ့ ခေါက်ခုတင်တွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း အစုံ ၃,၇၄၀ ကို အရေးပေါ်အခြေအနေ ကြုံနေရတဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို ပေးအပ်ခဲ့ကြောင်း ပြောပါတယ်။
Source/Photo-Reuters