တောင်အမေရိကနိုင်ငံ ဘရာဇီးရဲ့ မိုးနည်းရေရှားဒေသမှာ ကမ္ဘာကြီးပူနွေးလာလို့ မိုးခေါင်တာတွေ အစပျိုးလာနေတဲ့အတွက် လယ်မြေတွေမှာ သဲကန္တာရတွေ ဖြစ်ထွန်းမှု အရှိန်မြှင့်သလို ဖြစ်လာတယ်လို့ ဘရာဇီးနိုင်ငံက သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ ဧရိယာဟာ စတုရန်းကီလိုမီတာ ၅၀၀၀ ကနေ လာမယ့်နှစ်တွေမှာ သုံးဆဖြစ်တဲ့ ၁၅,၀၀၀ စတုရန်းကီလိုမီတာအထိ ရှိလာမယ်လို့ သုတေသီ အန်နာ ပေါ်လာ ကူညာက ပြောပါတယ်။
ဘရာဇီးနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း နောဒက်စ်ဒေသမှာ ပုံမှန်အားဖြင့် စိမ်းလန်းတဲ့ ရှုခင်းတွေ အဝါရောင် ပြောင်းသွားပြီး မြင်ကွင်းတပြင်လုံးမှာ သစ်ပင်တွေ ခြောက်သွေ့နေပါတယ်။
နိုင်ငံရဲ့ အမျိုးသားသဘာဝဘေး သတိပေးချက်နဲ့ စောင့်ကြည့်လေ့လာရေးစင်တာ (CEMADEN) မှာ တာဝန်ထမ်းဆောင်နေတဲ့ ကူညာက လယ်သမားတွေနဲ့ ထိခိုက်လွယ်တဲ့ လူဦးရေဟာ မိုးခေါင်ရေရှားမှုဒဏ်ကို အများဆုံးခံရနိုင်တယ်လို့ ပြောပါတယ်။
Source/Photo - Reuters