အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဟောင်းတွေဖြစ်တဲ့ အယ်လ်ဂျီးရီးယားနဲ့ ဂါနာတို့ အုပ်စုအဆင့် ကနေ ထွက်ခွါခဲ့ရပြီ ဖြစ်ပါတယ်။
၁၉၉၀ နဲ့ ၂၀၁၉ ချန်ပီယံ အယ်လ်ဂျီးရီးယားအသင်းဟာ အုပ်စုနောက်ဆုံး ပွဲစဉ်မှာကမ္ဘာ့အဆင့် ၁၀၅ ရှိ မော်ရီတေးနီးယားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
အုပ်စုသုံးပွဲကစားအပြီးမှာ နိုင်ပွဲမရခဲ့ဘဲ ၂ ပွဲသရေ ၁ ပွဲ ရှုံးခဲ့တဲ့ အယ်လ်ဂျီးရီးယားဟာ အုပ်စုအောက်ဆုံးမှာရပ်တည်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစောစီးစီး လက်ပြနှုတ်ဆက်ခဲ့ရတာပါ။
အယ်လ်ဂျီးရီးယားပါဝင်တဲ့ အုပ်စု D မှာ အန်ဂိုလာ၊ ဘူကီနာဖာဆိုနဲ့ မော်ရီတေးနီးယားအသင်းတို့ နောက်တဆင့်တက်ခဲ့တာပါ။
ချန်ပီယံလေးကြိမ်နဲ့ တတိယအအောင်မြင်ဆုံးအသင်း ဂါနာဟာလည်း အုပ်စုတွင်းမှာ နိုင်ပွဲ မရခဲ့ဘဲ ရမှတ် ၂ မှတ်သာရရှိခဲ့ပြီး အကောင်းဆုံးအုပ်စုတတိယလေးသင်းစာရင်းလည်း ဝင်မှာမဟုတ်လို့ ပြိုင်ပွဲကနေ ထွက်ခွါဖို့ သေချာသွားခဲ့တာပါ။
ဂါနာအသင်းမှာ နည်းပြ ခရစ်ဟောက်တန်ကိုလည်း ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။ သုံးမှတ်ပဲရခဲ့တဲ့ အိမ်ရှင် အိုင်ဗရီကို့စ်က နောက်တဆင့် တက်ခဲ့ပြီး ကင်မရွန်းကလည်း နောက်ဆုံးပွဲမှာ ဂမ်ဘီယာကိုနောက်ကျအနိုင်ဂိုးသွင်းယူကာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ ပါတယ်။
Photo - Reuters