Home
မြန်မာသတင်း
ရွှေနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း ထပ်မံမြင့်တက်
DVB
·
January 23, 2024
Dollar-Gold-1

ဇန်နဝါရီ ၂၃ ရက် ဒီနေ့ ပြင်ပရွှေဈေးကွက်မှာ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၃၈ သိန်း အထက်ထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း ၁ ဒေါ်လာကို ကျပ် ၃,၅၀၀ ဝန်းကျင်ထိ ဖြစ်ပေါ်နေပါတယ်။

ပြည်တွင်းရွှေဈေးဟာ ဒီနေ့မနက်က ကျပ် ၃၈ သိန်းအောက်မှာ ဈေးဖွင့်ခဲ့ပေမဲ့ ညနေပိုင်း ပြင်ပဈေးကွက်မှာတော့  ၃,၈၂၅,၀၀၀ ကျပ်အထိ ဆက်တိုက် မြင့်တက်လာတာပါ။

ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တဦးက “အဓိကတော့ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးတက်လို့ တက်တာပါ။ အရောင်းအဝယ်ကတော့  အရင်လိုပဲ အေးပါတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးကလည်း ဒီကနေ့မနက်က ၁ ထရိုင်အောင်စကို အမေရိကန်ဒေါ်လာ ၂,၀၂၀ အထက်မှာ ရှိခဲ့ရာက ညနေပိုင်းမှာ‌ အမေရိကန်ဒေါ်လာ ၂,၀၃၀ အထက်ထိ မြင့်တက်လာပါတယ်။

မြန်မာပြည်တွင်းရွှေဈေးက ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ၁ ကျပ်သားကို  ကျပ် ၃၇ သိန်းဝန်းကျင်မှာ ငြိမ်နေခဲ့ပေမဲ့ ဇန်နဝါရီ နှစ်ဆန်းပိုင်းကစပြီး ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။

ပြင်ပရွှေဈေးက ကျပ် ၃,၈၂၅,၀၀၀ ကျပ်ထိ မြင့်တက်နေပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်တဲ့ ရွှေဈေးနှုန်းကတော့ ဒီနေ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းမှာ ၁ ကျပ်သားကို ၃,၆၅၄,၀၀၀ ဝန်းကျင်သာ ရှိနေတာ တွေ့ရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ ပြည်တွင်း နိုင်ငံခြား‌ငွေ ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာတွေ ထည့်သွင်း ရောင်းချပေးနေတယ်လို့ မကြာခဏ ထုတ်ပြန်နေတဲ့ကြားက အမေရိကန်ဒေါ်လာငွေလဲနှုန်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အထိ ၁ ဒေါ်လာကို ကျပ် ၃,၄၅၀ ဝန်းကျင်မှာ ငြိမ်နေခဲ့ပြီး အခုရက်ပိုင်းမှ စတင်လှုပ်ခတ်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024