တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ဝန်ထမ်းရပ်ကွက်၊ ကြည့်မျှော် ၈ လမ်းမှာ ဇန်နဝါရီ ၂၃ ရက်၊ နေ့လည် ၁ နာရီခွဲလောက်က နေအိမ်သုံးလုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရပ်ကွက်ခံတစ်ဦးက “သိရသလောက်တော့ ဝါယာကြိုးကနေ ရှော့ဖြစ်ပြီး မီးလောင်တာပါ။ အိမ်ရှင်တွေက အိမ်မှာမရှိဘူး။ လေက အနောက်ကိုတိုက်လို့ အနောက်အိမ်ပါ မီးကူးပြီး လောင်သွားတာပါ”လို့ ပြောပါတယ်။
မီးစတင်လောင်ပြီး နာရီဝက်အကြာမှာ မီးသတ်ကားတွေရောက်လာကာ ရပ်ကွက်ခံတွေနဲ့ ပူးပေါင်းပြီး နေ့လည် ၂ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်သမားတစ်ဦးက ပြောပါတယ်။
“မီးသတ်ဌာနတွေက ဗဟိုကလည်းပါတယ်။ ထားဝယ်စု၊ အလယ်ကျွန်း၊ မြိတ်တောင်၊ ရေပုန်းနဲ့ ကလွင် မီးသတ်ဌာနတွေကလည်းပါတယ်။”
အဆိုပါမီးလောင်မှုကြောင့် နေအိမ်သုံးလုံး မီးလောင်ခဲ့ပေမဲ့ လူတွေ ထိခိုက်သေဆုံးသူမရှိဘူးလို့ နောက်ထပ် ရပ်ကွက်ခံတဦးက ပြောပါတယ်။
မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်မှာ ဇန်နဝါရီ ၂၀ ရက်၊ ည ၇ နာရီက ဝါယာကြိုးရှော့ဖြစ်ပြီး နေအိမ်တဆောင်မီးလောင်မှုဖြစ်ပွားကာ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးတာတွေ သိပ်မရှိဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။