ကမ္ဘာ့ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ ပင်လယ်နီမှာ ကုန်စည်ကူးသန်းတဲ့ သင်္ဘောတွေကို ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေက ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ကမ္ဘာ့ရေကြောင်းကုန်စည်ပို့ဆောင်ခတွေ ထိုးတက်ကုန်တယ်လို့ Fox News သတင်းဌာနက ဖော်ပြပါတယ်။
Freightos Terminal က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာရှကနေ ဥရောပမြောက်ပိုင်းကို ကုန်စည်ပို့ဆောင်ခဟာ ပြီးခဲ့တဲ့သုံးလ သင်္ဘောတွေ လမ်းကြောင်းပြောင်း ရှောင်ကွင်းမသွားရသေးတဲ့အချိန်နဲ့ ယှဉ်ရင် ၄၆၁ ရာခိုင်နှုန်းတောင် တက်သွားတယ်လို့ ဆိုပါတယ်။
အာရှကနေ မြောက်အမေရိက အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကိုပို့တဲ့ လမ်းကြောင်းတွေမှာလည်း ၁၃၀ ရာခိုင်နှုန်းနဲ့ ၉၇ ရာခိုင်နှုန်းစီ စျေးထိုးတက်သွားတယ်လို့ သိရပါတယ်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေက ကုန်သေတ္တာတလုံးစျေးကို မူလကထက် ဒေါ်လာ ၅၀၀ ကနေ ၂,၇၀၀ လောက်အထိ စျေးပိုယူနေကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့ရေကြောင်းကုန်စည်ပို့ဆောင်ရေးရဲ့ ၁၅ ရာခိုင်နှုန်း၊ ကုန်သေတ္တာပို့ဆောင်မှုရဲ့ ၃၀ ရာခိုင်နှုန်းဟာ ပင်လယ်နီကို ဒါမှမဟုတ် ပင်လယ်နီကနေ ဆူးအက်တူးမြောင်းကို ဖြတ်ပြီး ပို့ဆောင်ရတာ ဖြစ်ပါတယ်။
အခုအခါမှာ သင်္ဘောအများအပြားက အာဖရိကတိုက် ဂွတ်ဟုပ်အငူဘက်ကနေ ပတ်ပြီး သွားနေကြပါတယ်။
အမေရိကန်နဲ့ ဗြိတိန်က ယီမင်မှာရှိတဲ့ ဟူသီစခန်းတွေကို ဗုံးကြဲနှိမ်နင်းနေပေမဲ့ ဟူသီအဖွဲ့ရဲ့ ကုန်စည်ပို့ဆောင်ရေး သင်္ဘောတွေအပေါ် တိုက်ခိုက်မှုက လျော့ကျမသွားပါဘူး။
အစ္စရေးရဲ့ ဂါဇာကမ်းမြောင် ထိုးစစ်အပေါ် တုံ့ပြန်မှုအနေနဲ့ ရေကြောင်းပို့ဆောင်ရေး လမ်းကြောင်းကို တိုက်ခိုက်တာလို့ ဟူသီတွေက ကြေညာထားပါတယ်။
Source/Photo-Reuters