နှစ်သစ်အစ ဇန်နဝါရီ ၄ ရက်မှာ မင်းအောင်လှိုင်တပ်ရဲ့ သမိုင်းဝင်လက်နက်ချပွဲကို လောက်ကိုင်မှာ ကျင်းပခဲ့တယ်။ အဲဒီနောက်မှာတော့ သေနတ်တချက် ထပ်ဖောက်စရာ မလိုတော့ဘဲ လောက်ကိုင်မြို့ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်။ မင်းအောင်လှိုင် တင်မြှောက်ခဲ့တဲ့ ပယ်ဆောက်ချိန်ဂိုဏ်းရဲ့ ကိုးကန့်ဒေသ ဗိုလ်ကျစိုးမိုးမှုဟာ တခန်းရပ်သွားတယ်။
လောက်ကိုင်မှာ တရုတ်ပြည်သူတွေရဲ့ ငွေပေါင်းမြောက်မြားစွာကို လိမ်လည်၊ လူကုန်ကူးခံရသူတွေကို ရက်စက်ကြမ်းကြုတ်စွာ ခိုင်းစေတဲ့ ကျားဖြန့်ဂိုဏ်း (အွန်လိုင်းငွေလိမ်ဂိုဏ်း) ဆိုတာ အခိုင်အမာရှိခဲ့တယ်။ ကျားဖြန့်ဂိုဏ်းကို ဦးဆောင်နေသူတွေက တရုတ်နိုင်ငံရဲ့ ရာဇဝင်လူဆိုးတွေလို့ ဆိုကြတယ်။ သူတို့ကို လောက်ကိုင်က စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးခေါင်းဆောင်တွေက နေရာထိုင်ခင်းပေး၊ ရေလောင်းပေါင်းသင် မြေတောင်မြှောက်ခဲ့ပြီး ကုပ်ခွစီးကာ ခေါင်းကိုင်ဖခင်ကြီးတွေအဖြစ် အမောက်ထောင်ခဲ့တယ်လို့ တရုတ်အစိုးရက ယုံကြည်တယ်။
မင်းအောင်လှိုင် တင်မြှောက်ခဲ့တဲ့ ကိုးကန့်အုပ်ချုပ်ရေး ခေါင်းဆောင်ဟောင်း၊ ပြည်ခိုင်ဖြိုးအမတ် ပယ်ဆောက်ချိန်နဲ့ အပေါင်းအပါ ၁၀ ဦးကို တရုတ်အစိုးရက လောက်ကိုင် ကျားဖြန့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေအဖြစ် ဖမ်းဝရမ်းထုတ်။ အခု လောက်ကိုင်ကို MNDAA က သိမ်းပိုက်လိုက်ချိန်မှာတော့ သူတို့အားလုံး အစရှာမရအောင် ပျောက်ဆုံးခဲ့တယ်။
ညီနောင် ၃ ဖွဲ့က ပိုက်စိပ်တိုက် ပိတ်ဆို့ထားတဲ့ကြား မြေပြင်ခရီးနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးသိကြတယ်။ ဆိုတော့ မြေလျှိုးမလား မိုးပျံမလား။ လောက်ကိုင်ကနေ ချက်ချင်းလက်ငင်း လိုဏ်ခေါင်းဖောက် ထွက်ပြေးဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ မိုးပျံဖို့ရာ နေပြည်တော်ကနေ လေယာဉ်နဲ့ လာကယ်ထုတ်သွားတယ်လို့ အတည်မပြုနိုင်သေးပေမဲ့ မှန်လောက်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။
တရုတ်က ဖိအားကြီးကြီးပေးထားတာတောင် တရုတ်ကို မင်းအောင်လှိုင်တို့တသိုက်က ပြတ်ပြတ်သားသား အာခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီလိုမှ အာမခံဘဲ တရုတ်အစိုးရလက်ထဲ ပယ်ဆောက်ချိန်တို့ ရောက်သွားခဲ့မယ်ဆိုရင် နေပြည်တော်ကို ဆက်ကြေးပေးရတာတွေနဲ့ နက်ရှိုင်းတဲ့ အကျိုးစီးပွားတွေ ပေါ်သွားနိုင်တာကြောင့် နောက်တကြိမ် တရုတ်အစိုးရက ကျားဖြန့်ဝရမ်းထုတ်ရာမှာ မင်းအောင်လှိုင် မဟုတ်တောင် စစ်ဗိုလ်ချုပ်တချို့ ပါသွားနိုင်ပါတယ်။
လောက်ကိုင် ကျားဖြန့်ဂိုဏ်းဟာ လောက်ကိုင်နဲ့အတူ ပြိုလဲသွားတယ်ဆိုပေမဲ့ ကျားဖြန့်ဂိုဏ်းချုပ်တွေက လွတ်မြောက်နေရုံတင်မက ဒီနေရာပြိုတော့ ဟိုနေရာ အခြေပြန်တည်မယ် ဆိုတာမျိုး တရားမဝင်လုပ်ငန်းတွေအတွက် ရေခံမြေခံကောင်းတဲ့ တခြားနယ်စပ်မြို့တွေဆီ အခြေပြန်တည်လာခဲ့တယ်။ အထူးသဖြင့် အထိုင်ရှိပြီးသား မြန်မာ-ထိုင်း နယ်စပ်က မြဝတီမြို့နယ်အတွင်း ကျားဖြန့်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာကြောင်း သတင်းတွေက ဖော်ပြကြတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ကိုးကန့်ဒေသမှာ ကျားဖြန့်ဂိုဏ်းကို စဖြိုပြီး တရုတ်အစိုးရလက်ထဲ ကျားဖြန့်သမားတွေ ဖမ်းဆီးအပ်နှံတဲ့ အချိန်ကတည်းက မြဝတီဘက် ရွှေ့လာကြတယ်။ ဘယ်လိုရွှေ့ကြသလဲဆိုတော့ ကိုးကန့်ဒေသကနေ မြဝတီအရောက် စစ်တပ်ကို ပို့ခ ယွမ် ၃ သောင်းခွဲကျော် ပေးရတယ်လို့ သတင်းတချို့က ဆိုတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာကစပြီး မြဝတီမြို့ပေါ်က နေရာ ၈ နေရာမှာ ကျားဖြန့်လုပ်ငန်းကို တရားဝင်သဖွယ် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ မြဝတီမြို့ပေါ်လို လူတိုင်းသိတဲ့ နေရာမှာ ကျားဖြန့်ကို တရားဝင်သဖွယ် တိုက်ကြီးတာကြီးတွေပေါ် လုပ်ဆောင်ဖို့ဆိုတာ စစ်အုပ်စု ဒေသအာဏာပိုင်တွေနဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တို့ရဲ့ အကာအကွယ် ပေးနေတာကြောင့်သာဖြစ်ကြောင်း သုံးချက်တွက်နည်းမတတ်ဘဲ အလွယ်တကူ သိနိုင်ပါတယ်။
ဒီလောက် နိုင်ငံတကာကတောင် အာရုံစူးစိုက်နေပြီဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းကို ဘာ့ကြောင့် မြဝတီမြို့ပေါ်လို နေရာမျိုးမှာတောင် လိုင်စင်ရ အရက်ဖြူဆိုင်ပမာ မင်းမူနိုင်ရပါသလဲ။ ငွေသာရမယ်ဆို ဘာမဆိုလုပ်ဖို့ ဝန်မလေး၊ မစားကောင်းတဲ့အသီးလား ဆိုတာကိုတောင် ဆင်ခြင်ခွဲခြားနိုင်စွမ်းမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေရဲ့ လောဘကြောင့်ပါပဲ။
မြဝတီမြို့ပေါ်လို နေရာမျိုးမှာတောင် ကျားဖြန့်တွေ အမောက်ထောင်နေတယ်ဆိုရင် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်လိုနေရာမျိုးမှာ ကျားဖြန့်ငရဲခန်းနဲ့ လူကုန်ကူးမှုပြဿနာတွေ ဘယ်လောက်ထိတောင် ထင်ရာစိုင်းနေမလဲ။ ပြီးတော့ မြဝတီမြို့ကနေ တတောင်တက် တတောင်ဆင်း ၁ နာရီကျော် ကားနဲ့သွားမှ ရောက်တဲ့ ကျောက်ခက်ရွာမှာလည်း ကျားဖြန့်လုပ်ငန်းဟာ အမြစ်တွယ်နေလျက်။ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာဆိုတာ သောင်ရင်းမြစ်နံဘေး မြန်မာဘက်ခြမ်းကရွာ။ ရေနည်းတဲ့အချိန် ရေထဲ ၁၀ လှမ်းလောက် လျှောက်လိုက်ရင် ဟိုဘက်ကမ်းသည် ထိုင်းနိုင်ငံအပိုင်။
လောက်ကိုင်အပြို မြဝတီမှာ ကျားဖြန့်တွေ ကျယ်ပြန့်လာတာကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းက မြဝတီ ကျားဖြန့် ပူးပေါင်းနှိမ်နင်းရေး ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျက်ကရာဖုန် ဂျမ်ပင် နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ကျားဖြန့်တွေ မြဝတီမှာ ပန်းပန်လျက်ပါပဲ။
အခု ဇန်နဝါရီ ၁၂ ရက်မှာလည်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ မင်းအောင်လှိုင်တို့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ရာမှာ ထိုင်း-မြန်မာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မြဝတီ အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေကို ပူးပေါင်းတိုက်ဖျက်ရေးကိစ္စတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ပြောရရင် ထိုင်းအစိုးရက မြဝတီမှာ ကျယ်ပြန့်လာတဲ့ ကျားဖြန့်လုပ်ငန်းကို အခုကတည်းက ပြတ်ပြတ်သားသား မချေမှုန်းနိုင်ဘူးဆိုရင် သူတို့ထိုင်းနိုင်ငံကိုပါ ဒုက္ခအကြီးကြီး ပေးတော့မယ်ဆိုတာ ကောင်းကောင်းသိမြင်ပုံရပါတယ်။ ဒါ့ကြောင့်လည်း မင်းအောင်လှိုင်နဲ့ ၂ လအတွင်း ၂ ကြိမ် မြဝတီကျားဖြန့်နှိမ်နင်းရေးကိစ္စကို အရေးတကြီး ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြည့်တန်ဆာခေါင်းကို ပြည့်တန်ဆာနှိမ်နင်းရေးကိစ္စ ပူးပေါင်းပါဝင်ဖို့ သွားညှိနှိုင်းသလိုမျိုးပါပဲ။
ပြဿနာက ထိုင်းအစိုးရဟာ တရုတ်အစိုးရလိုမျိုး အင်အားကြီးနိုင်ငံမဟုတ်သလို စစ်အုပ်စုအပေါ်မှာ ဩဇာမရှိတာကြောင့် ကျားဖြန့်နှိမ်နင်းရေးကို တရုတ်အစိုးရလို အပေါ်စီးကနေ ငေါက်ငမ်းပြောဆိုနိုင်စွမ်း မရှိပါဘူး။ ဆိုတော့ သိပ်မကြာသေးခင်က ကိုးကန့်ဒေသမှာရှိတဲ့ ကိုင်းဖျားကိုင်းနား ကျားဖြန့်သမားတွေကို စစ်အုပ်စုက ဖမ်းပေးပြီး တရုတ်အစိုးရထံ လွှဲအပ် မျက်နှာလုပ်ခဲ့တာမျိုး လုပ်ဖို့ရာ ဖြစ်နိုင်ခြေနည်းပါတယ်။
နောက်တချက်၊ ကိုးကန့်ဒေသ ကျားဖြန့်နှိမ်နင်းရေးမှာ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အရေးပါ အရာရောက်ခဲ့တာကြောင့် တရုတ်အစိုးရက အားကိုးခဲ့ရပါတယ်။ ကေအန်ယူပြောခွင့်ရ ပဒိုစောတောနီးက မြဝတီ ကျားဖြန့်ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေးမှာ တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပေမဲ့ ထိုင်းအစိုးရကတော့ လက်တွေ့ပူးပေါင်းဖို့ မပြောနဲ့၊ မတွေးကောင်းတဲ့အတွေး အဖြစ်နဲ့တောင် ပယ်ချပြီး ဖြစ်နေပါလိမ့်မယ်။
ကေအန်ယူပြောခွင့်ရက ကျားဖြန့်လုပ်ငန်းရဲ့ မြစ်ဖျားခံရာအရပ်နဲ့ အရင်းအမြစ်က အကြမ်းဖက်စစ်အုပ်စု ဖြစ်တာကြောင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကာလပတ်လုံး ဘာအဖြေမှ ထွက်မှာမဟုတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။
ဒါကို ထိုင်းအစိုးရကလည်း မသိမရှိပါဘူး။ စစ်အုပ်စုက ကျားဖြန့်တိုက်ဖျက်ရေးကို ဟန်ပြသာ ပြုလုပ်နိုင်ကြောင်း မှန်းဆပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေရဲ့ ထုံးစံအတိုင်း တခြားနိုင်ငံရဲ့ ပြည်တွင်းရေးအပေါ် ဝင်မစွက်ဘူးဆိုတဲ့မူကို ကျစ်ကျစ်ပါဆုပ်ကာ စစ်အုပ်စု ဗဟိုပြု စဉ်းစားခန်းထက် ကျော်လွန်စဉ်းစားနိုင်စွမ်း မရှိပါဘူး။
မြဝတီကျားဖြန့်တင်မက မီးဟုန်းဟုန်းတောက်နေပြီဖြစ်တဲ့ မြန်မာ့အရေးဟာ ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်မှု ကြီးသထက်ကြီးလာပြီလို့ ထိုင်းအစိုးရက ယူဆလာတာကြောင့် မြန်မာ့အရေး သက်ဆိုင်သူတွေပါဝင်တဲ့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြားဝင်စီစဉ်နေပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
မြန်မာ့အရေး တည်ငြိမ်မှု တစုံတရာ ဖြစ်ပေါ်လာမှသာ ကျားဖြန့်တိုက်ဖျက်ရေးသည်လည်း အရာထင်မယ်လို့ ထိုင်းအစိုးရက ယူဆပုံပါပဲ။ ဒါပေမဲ့ မြန်မာစစ်ဘေးသင့်ပြည်သူ ကူညီရေးကစလို့ စစ်အုပ်စုနဲ့သာ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ တကြောင်းဆွဲ တလမ်းတည်းကိုသာ ထိုင်းအစိုးရက ရွေးချယ်ထားခြင်းမှာ ရေပေါ်အရုပ်ရေးသလိုသာ ဖြစ်နေမှာ သေချာနေကြောင်းပါ ခင်ဗျား။
လင်းခေတ်