Home
မြန်မာသတင်း
လောက်ကိုင်၌ လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို သေဒဏ်နှင့် တသက်တကျွန်း အမိန့်ချ
DVB
·
January 23, 2024
lout-1 2312024

လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်နက်ချခဲ့တဲ့ဖြစ်စဉ်နဲ့ စစ်ဆေးခံနေရတဲ့ စစ်တပ်အရာရှိတွေထဲက ဗိုလ်မှူးချုပ် ၃ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီး  ၃ ဦး ကိုတော့  တသက်တကျွန်း အမိန့်ချခဲ့တယ်လို့  စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က တာဝန်ပေးတဲ့ ဗိုလ်ချုပ်တဦးက စစ်တရားရုံးချုပ်မှာ ဇန်နဝါရီ ၁၂ ရက်က စစ်ဆေးပြီးနောက် အမိန့်ချခဲ့တာလို့  ဒီဖြစ်စဉ်ကိုကိုသိရှိတဲ့ တပ်မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဗိုလ်မှူးချုပ် ထွန်းထွန်း​မြင့်ရယ်၊ မိုးကျော်သူနဲ့ ဇော်မျိုးဝင်းကို သေဒဏ် ပုဒ်မ ၃၂ (က) နဲ့ (င) ပုဒ်မ ၂ ခုနဲ့ ချတာ။ ကျန်တဲ့ ဗိုလ်မှူးချုပ်သုံးယောက်က တသက်တကျွန်း၊ တပ်ရင်းမှူးတွေကို ပြန်ပြီးစစ်မှုထမ်းခိုင်းတယ်၊ လူလည်း မရှိဘူးဆိုတော့။" 

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) လောက်ကိုင် ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ လောက်ကိုင်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်တို့ကို စစ်ကောင်စီက တပ်မတော် အက်ဥပဒေပုဒ်မ ၃၂ (က) (င) နဲ့ သေဒဏ်ချခဲ့ပြီး စကခ ၁၆ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ စခက ၁၄ ဗိုလ်မှူးချုပ် အေးမင်းဦး နဲ့ စကခ ၁၂ ဗိုလ်မှူးချုပ် အောင်ဇော်လင်းတို့ကို ပုဒ်မ ၃၂ (င)နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

သေဒဏ်နဲ့ထောင်ဒဏ် တသက်တကျွန်းခံရတဲ့ ဗိုလ်မှူးချုပ် ၆ ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၅ ရက်က ရှမ်းမြောက် လောက်ကိုင်တိုက်ပွဲမှာ  MNDAA ဆီ လက်နက်ချအညံ့ခံခဲ့တာဖြစ်ပါတယ်။

လတ်တလော အဆိုပါ ဗိုလ်မှူးချုပ် ၆ ဦးနေရာမှာ ဗိုလ်မှူးကြီး မျိုးမင်းထွေး၊ ဗိုလ်မှူးကြီး အောင်စိုးမင်း၊ ဗိုလ်မှူးကြီး သန့်ထင်စိုး၊ ဗိုလ်မှူးကြီး မောင်မောင်လေး၊ ဗိုလ်မှူးကြီး မျိုးမင်းထွေးတို့ကို အစားထိုးခန့်အပ်ထားတယ်လို့ စစ်ရေးချုပ်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်နက်ချခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ ဗိုလ်မှူးချုပ် အပါအဝင် ၉ ဦးထဲက ၂ ဦးကိုတော့ စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024