ဂါဇာကမ်းမြောင်တောင်ပိုင်းဒေသ၊ ခမ်ယူနစ်မြို့ အနောက်ပိုင်းကို အစ္စရေးတပ်တွေက ဆေးရုံတရုံကို ဝင်စီးပြီး နောက်ဆေးရုံတရုံကိုလည်း ဝိုင်းထားတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ၊ ဆေးဝန်ထမ်းတွေနဲ့ လူနာတွေကို ကာကွယ်ဖို့ အမေရိကန်က အစ္စရေးကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဂါဇာတောင်ပိုင်းမှာ အစ္စရေးက ကြည်း၊ ရေ၊ လေ သုံးဘက်သုံးတန်စလုံးကနေ စစ်ပွဲစတင်ခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်နေတာလို့ ဒေသခံတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဂါဇာတောင်ပိုင်းမှာ အဓိကမြို့ဖြစ်တဲ့ ခန်ယူနစ်မြို့၊ မြေထဲပင်လယ်ကမ်းရိုးတန်းအနီးက အယ်လ်မာဝါဆီခရိုင်ကို အစ္စရေးတပ်တွေ ပထမဆုံးအကြိမ် ဝင်ရောက်ထိုးစစ်ဆင်တာ ဖြစ်ပါတယ်။
အဲဒီနေရာမှာရှိတဲ့ အယ်ခိုင်ယာ ဆေးရုံကို ဝင်စီးခဲ့ပြီး ဆေးဝန်ထမ်းတွေကိုပါ ဖမ်းထားတယ်လို့ ဂါဇာကျန်းမာရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အရှရက်ဖ်အယ်ကီဒရာက ပြောပါတယ်။
ဆေးရုံနဲ့ပတ်သက်လို့ အစ္စရေးဘက်ကတော့ ထုတ်ပြန်တာမရှိသေးဘဲ စစ်ရုံးကလည်း မှတ်ချက်မပေးပါဘူး။
ဂါဇာတောင်ပိုင်းမှာ အစ္စရေးစစ်သား သုံးယောက် ကျဆုံးတယ်ဆိုတဲ့ သတင်းပဲ ထုတ်ပြန်ပေးပါတယ်။
ခန်ယူနစ်မှာ တနင်္ဂနွေညကတင် လူ ၅၀ လောက် သေဆုံးပြီး ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို စီးနင်းထားတဲ့အတွက် သေဆုံးသူ ဒဏ်ရာရသူတွေထံကို ကယ်ဆယ်ရေးတွေ မရောက်နိုင်ဘူး ဖြစ်နေတယ်လို့ ကီဒရာက ပြောပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက “အစ္စရေးမှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိပေမဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်၊ ဆေးရုံက အပြစ်မဲ့ပြည်သူတွေ၊ ဆေးဝန်ထမ်းတွေနဲ့ လူနာတွေကို ဖြစ်နိုင်သမျှ ကာကွယ်စောင့်ရှောက်မယ်လို့ မျှော်လင့်တယ်” လို့ ထုတ်ပြန်ပါတယ်။
ဟားမတ်စ်တွေဟာ ဆေးရုံထဲနဲ့ ဆေးရုံတဝိုက်တွေမှာ လှုပ်ရှားလေ့ရှိတယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပြီး ဟားမတ်စ်နဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေကတော့ ဒီအချက်ကို ငြင်းထားပါတယ်။
ခန်ယူနစ်ဟာ ဟားမတ်စ်ရဲ့ အဓိကရုံးချုပ်ဖြစ်တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။
Source/Photo-REUTERS/Ibraheem Abu Mustafa