မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးအပါအဝင် နိုင်ငံခြားသား ၅၈ ဦးကို ဇန်နဝါရီ ၂၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား လူဝင်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပါဟန်းပြည်နယ်၊ ကူတန်းဒေသအနီးတဝိုက်မှာရှိတဲ့ နေရာ ၁၃ ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအရာရှိ ၂၅ ဦးက ဇန်နဝါရီ ၂၁ ရက် မနက် ၁၀ နာရီခွဲကနေ ည ၈ နာရီအထိ တရားမဝင် နိုင်ငံခြားသားတွေကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။
မလေးရှား တာဝန်ရှိသူတွေက စစ်ဆေးပြီးနောက် အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၂၉ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး၊ တရုတ်နိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂ ဦး၊ ထိုင်းနိုင်ငံသား ၁ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၂၉ ဦးအပါအဝင် နိုင်ငံခြားသား ၅၈ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ဖို့အတွက် ကီမယမ်လူဝင်ကြီးကြပ်ရေးမှာ ဆက်လက်စစ်ဆေးနေတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်၊ စမှုံညှင်းဒေသမှာ ဇန်နဝါရီ ၁၉ ရက်ကလည်း တရားမဝင် နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ အပါအဝင် နိုင်ငံခြားသား ၅၆၁ ဦးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။