တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် လူတွေ့ စစ်ဆေးပြီးပြန်လာတဲ့ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်နဲ့ ရဲတပ်သား ၅ ဦးဟာ ဇန်နဝါရီ ၂၂ ရက် နေ့လယ်က ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး လက်နက်တွေပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ရက် နေ့လယ် ၁ နာရီခွဲက စစ်ရေးပြအခမ်းအနားအတွက် မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ လူတွေ့စစ်ဆေးပြီး ပြန်လာတဲ့ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်နဲ့အဖွဲ့ မြင်းခြံ-ဆီမီးခုံ ကားလမ်းမှာ ပစ်ခတ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တောပုကျေးရွာနဲ့ ဆီမီးခုံရွာနားက PDF တွေ ဝိုင်းပစ်တာ။ ဒုရဲအုပ်တဦး၊ ရဲတပ်ကြပ်တဦး ရဲတပ်သား လေးဦး၊ ယာဥ်မောင်းတဦး သေတယ်။ လက်နက်ယူသွားတယ်။”
သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူတွေဟာ ဒုရဲအုပ် ထင်အောင်ကျော်၊ ဒုတပ်ကြပ် စိုးဇေယျာမင်း၊ ရဲတပ်သား အောင်သူရမင်း၊ ရဲတပ်သား မသော်သော်မျိုး၊ ရဲတပ်သား မပန်းအိဖြူနဲ့ ယာဥ်မောင်း အောင်ဖြိုးသန့်တို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
“ခြောက်လုံးပြူး ၁ လက်၊ အမ်အေ ၁၃ တစ်လက်၊ ဘီအေ၆၃ ၂ လက်၊ ကျည်တွေရယ်၊ လက်ပစ်ဗုံး ၂ လုံးရယ် ပါသွားတယ်။”
လတ်တလောမှာ သေဆုံးသူတွေကို မြင်းခြံမြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး မြင်းခြံမြို့ပေါ်မှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြိုခံတွေဆီက သိရပါတယ်။