အိန္ဒိယမြောက်ပိုင်းမှာ ဇန်နဝါရီ ၂၂ ရက်က မြူတွေဆိုင်းပြီး အပူချိန်နိမ့်ကျနေလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး ဒေသခံတွေလည်း အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် ရုန်းကန်နေခဲ့ရပါတယ်။
နယူးဒေလီမြို့တော်က လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ပြီး ခရီးသည်တွေ စောင့်မျှော်နေခဲ့ရပါတယ်။
လမ်းဘေးက ယာယီတဲတွေမှာ နေသူတွေဟာ အနွေးဓာတ်ရဖို့ စောင်တွေထဲမှာ စုပြုံခြုံရင်း မီးလှုံနေခဲ့ရတာပါ။
“အေးတဲ့ရာသီဥတုမှာ ကလေးတွေနဲ့အတူ ကျနော်တို့ပဲ လမ်းတွေပေါ်မှာ ကျန်ခဲ့တယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အိန္ဒိယမြို့တော် နယူးဒေလီမှာ အနိမ့်ဆုံးအပူချိန် ၇ ကနေ ၉ ဒီဂရီစင်တီဂရိတ်ကြားမှာ ရှိနေပါတယ်။ လာမယ့်ရက်တွေအတွင်း မြူခိုးတွေ အလယ်အလတ်ကနေ ထူထပ်တဲ့ အခြေအနေတွေ ကြုံရမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
Source/Photo - Reuters