ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ ဇန်နဝါရီ ၂၁ ရက်က ပအိုဝ်းလက်နက်ကိုင်အဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်ခဲ့လို့ စံဖူးတောင်ရွာနဲ့ မြောက်ရွာ အပါအဝင် နီးစပ်တဲ့ ကျူးမုန်း၊ ဟိုဟွေးနဲ့ ကျောက်ကဆျားကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စံဖူးကျေးရွာမှာ PNO/PNA အဖွဲ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့တွေကြား ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ သက်ကြီးဘိုးဘွားတွေလည်း ပါသလို ရာသီဥတု အေးနေတဲ့အတွက် ရှောင်ပြေးရတာ အခက်အခဲတွေ့နေတယ်လို့ စံဖူးရွာခံ အမျိုးသမီး တဦးက ပြောပါတယ်။
အဲဒီလို ထွက်ပြေးသွားတဲ့ ဒေသခံတွေက တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့ပေါ်က ရပ်ကွက်တွေအပြင် တခြားဆွေမျိုးတွေရှိတဲ့ ရပ်ရွာတွေဆီကို ထွက်ပြေးခိုလှုံနေရပြီး ဟိုပုံးမှာတင် စစ်ရှောင် ၆၀၀ လောက် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စံဖူးကျေးရွာကို မီးကူးစက်လောင်ခဲ့တာကြောင့် နေအိမ် ၂၇ လုံး မီးလောင်ခဲ့ပြီး သေဆုံးတဲ့သူ တချို့ရှိပေမဲ့ ထွက်ပြေးနေရတာကြောင့် ဘယ်သူတွေလဲဆိုတာ သေချာမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
PNLO ယူနီဖောင်းဝတ်ဆင်ထားတဲ့အဖွဲ့က မောင်းနှင်လာတဲ့ မော်တော်ယာဉ်တွေပေါ်ကနေ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက် အပါအဝင် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။