မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့မြောက်ဘက်၊ အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ မှော်နီကုန်းရွာကို စစ်တပ်က ဇန်နဝါရီ ၂၃ ရက် ဒီနေ့မနက်မှာ မီးရှို့ခဲ့တယ်လို့ မတ္တရာမြို့နယ် ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “စစ်ကြောင်းထိုးလာတာ။ မနက် ၅ နာရီခွဲလောက် ရွာထဲမဝင်မီ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဝင်လာတယ်။ သူတို့လာတယ်ဆိုတဲ့ အသံကြားတာနဲ့ ရွာထဲကနေ ထွက်ပြေးတဲ့ လူက များတယ်။ မနက်ခင်း ၈ နာရီလောက်တော့ ရွာကို မီးရှို့တယ်။ အဝေးကနေပဲ ရွာထဲက မီးခိုးထွက်လာတာ မြင်ရတယ်” လို့ ပြောပါတယ်။
အခုလို မှော်နီရွာကို မီးရှို့တာကြောင့် မှော်နီရွာသားတွေအပါဝင် အနီးဝန်းကျင်က ရေနံသာရွာ၊ သပြေချောင်ရွာ၊ သပြေသာ ကျေးရွာတွေက စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဆရာတိုးက “စစ်တပ်က မီးရှို့နေတာတော့ ဟုတ်တယ်။ ကျနော်တို့ အဖွဲ့တွေနဲ့ တိုက်ပွဲမဖြစ်ပါဘူး။ သူတို ရှို့ချင်လို့ကို ရှို့တာပဲလို့ ပြောရမယ်။ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ရေးပြင်ဆင်လာတာကြောင့် ဒေသခံတွေ အသိ၊ သတိ နေထိုင်ဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က မတ္တရာမြို့နယ်ထဲကို ဧရာဝတီမြစ်အတွင်းကနေ စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့နေ သလို မတ္တရာမြို့ကနေ မြေပြင်မှာလည်း စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး မြို့ရှောင်လမ်းဆုံနေရာမှာ ဇန်နဝါရီ ၂၂ ရက်၊ မနက် ၈ နာရီ မိနစ် ၄၀ က ကား တစီးပေါ်က ပစ်ချခဲ့တဲ့ လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်စီးလာသူတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဆည်ဘက်မှ ကူမဲဘက်ကို မောင်းနှင်လာတဲ့ အမဲရောင် ကားတစီးပေါ်က လက်လုပ်မိုင်း တလုံး ပစ်ပေါက်ခဲ့ရာမှ ပေါက်ကွဲခဲ့လို့ ဆိုင်ကယ်မောင်းနှင်လာသူ ထိမှန်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပစ်ပေါက်သွားတာက ယာဥ်ထိန်းရဲအဖွဲ့ကိုပါ။ လမ်းဆုံမှာ ကားတွေ၊ ဆိုင်ကယ်တွေ စစ်ဖမ်းဖို့ ယာဥ်ထိန်းရဲတွေက ကားပေါ်ကအဆင်း ကားအမဲ တစီးပေါ်က ပစ်သွားတာ။ မိုင်းက အဲဒီဘက် အခြမ်း မရောက်ဘဲ ဒီဘက်ကို ကျပြီး ပေါက်တော့ ဘေးက ဆိုင်ကယ်မောင်းလာတဲ့ လူကို မိုင်းစ စင်ပြီး ဒဏ်ရာရသွားတာပေါ့။ ကားကတော့ ကူမဲဘက်ကို မောင်းသွားတာ တွေ့လိုက်တယ်။”
လက်လုပ်မိုင်း စထိမှန်ခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် ဦးတင်စိုးမှာ နားထင် ရှပ်ထိဒဏ်ရာ၊ ယာဘက် ဆီးအိမ်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကို တင်ပို့ကုသ ထားတယ်လို့ သိရပါတယ်။