စစ်ဆင်ရေးအခြေအနေအရ ၂ လနီးပါး လမ်းပိတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို ဇန်နဝါရီ ၂၂ ရက်ကစပြီး ပြန်လည်အသုံးပြုလို့ရပြီဖြစ်ကြောင်း CDF-CDM-Siyin အဖွဲ့က ပြောပါတယ်။
အဆိုပါလမ်းမကြီးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး သိုင်းငင်း စစ်ကောင်စီစခန်း သိမ်းနိုင်ဖို့အတွက် စစ်ရေးအခြေအနေအရှိန်ကြောင့် အများပြည်သူရဲ့ လုံခြုံရေးအခြေအနေအရ ပိတ်ထားခဲ့တာလို့ ဆိုပါတယ်။
CDF-CDM-SIYIN အဖွဲ့ရဲ့ တာဝန်ခံက “သိုင်းငင်းလမ်းကို ကျနော်တို့ဘက် ၂ လနီးပါး ပိတ်ထားခဲ့တာ။ အခု နယ်မြေရှင်းပြီး ဖွင့်ပေးလိုက်ပြီ။ ၂ လနီးပါး တောင့်ခံပေးတဲ့အတွက် ခရီးသွားပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့သိမ်းထားတဲ့ သိုင်းငင်း စစ်တပ်စခန်းကို ပြည်သူတွေ လည်ပတ်ချင်ရင် ကျနော်တို့တပ်ဖွဲ့ကို အရင်အကြောင်းကြားပေးဖို့ မှာချင်တယ်။ လည်ပတ်လို့ တစုံတခုကိုဖြစ်ခဲ့ရင် ကျနော်တို့ တာဝန်မယူပါဘူး” လို့ ပြောပါတယ်။
ကလေး-သိုင်းငင်းလမ်း ပွင့်သွားတာကြောင့် ကလေးမြို့ကနေ ဟားခါးမြို့ကို နေ့ချင်းပေါက် ရောက်သွားပြီး ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် လမ်းခရီး ချောမွေ့သွားနိုင်တယ်လို့ ကားသမားတဦးက ရှင်းပြပါတယ်။
“လမ်းက ဒီနေ့မှပွင့်တာဆိုတော့ ကျနော်တို့ မသွားကြည့်သေးဘူး။ လမ်းကြော စောင့်ကြည့်တုန်းပဲ။ ဝေဘူလဘက်က ပတ်သွားရင် ခရီးက ဝေးတော့ တန်ဆာခတွေ ခရီးသည်ကားခတွေ ပိုများတယ်။ သိုင်းငင်းလမ်းကနေ ဆိုရင်တော့ လမ်းကြောလည်းကောင်းတော့ တန်ဆာခနဲ့ ခရီးသည်ကားခဈေးနှုန်း ကျသွားမှာပါ။”
အဲ့ဒီလမ်းပိတ်ထားမှုကြောင့် ကလေးမြို့ဘက်ကနေ ချင်းပြည်နယ်ကိုသွားတဲ့ ခရီးလမ်းကို ကွင်းလမ်းတွေကနေ ပတ်သွားရတာကြောင့် တန်ဆာခနဲ့ ခရီးသည်ကားခနှုန်းတွေလည်း ကြီးမြင့်ခဲ့ပါသေးတယ်။
သိုင်းငင်းစစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ ရက်မှာ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၃၀ သေဆုံးကာ ချင်းကာကွယ်ရေးတပ်ဘက်က ၈ ဦး ကျဆုံးခဲ့ပါတယ်။
ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးဟာ ချင်းပြည်နယ်ရဲ့ ကုန်စည်ဆက်သွယ်ရေးနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့လမ်းမကြီး ဖြစ်ပါတယ်။