စစ်ပွဲအဆုံးသတ်ပေးရင် အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အပေးအယူလုပ်ဖို့ တောင်းဆိုချက်ကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇန်နဝါရီ ၂၁ ရက်နေ့က ပယ်ချလိုက်ပါတယ်။
“ကျုပ်တို့ဓားစာခံတွေကို ပြန်လွှတ်ဖို့ အပေးအယူအနေနဲ့ စစ်ပွဲအဆုံးသတ်ပေးရမယ်၊ ကျုပ်တို့တပ်တွေ ဂါဇာက ရုပ်ပေးရမယ်၊ လူသတ်သမားတွေ၊ မုဒိမ်းကောင်တွေအားလုံးကို လွှတ်ပေးရမယ်လို့ ဟားမတ်စ်က တောင်းဆိုတယ်။ ပြီးတော့ ဟားမတ်စ်အဖွဲ့ကို ဒီတိုင်းထားရမယ်ဆိုတာ ပါတယ်၊ ဒီ ဟားမတ်စ်မိစ္ဆာတွေရဲ့ လက်နက်ချဖို့ စည်းကမ်းချက်တွေကို ကျုပ်က လုံးဝပယ်ချပါတယ်” လို့ နေတန်ယာဟုက ပြောပါတယ်။
ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်ယူနစ်မြို့မှာ အစ္စရေးက ဗုံးကြဲမှုတွေ ပြန်လည်စတင်နေပြီဖြစ်လို့ အဖမ်းခံထားရတဲ့သူတွေ ပြန်လာဖို့လမ်းမရှိတော့ဘူးလို့ ဟားမတ်စ် တာဝန်ရှိသူ အဘူဇူရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းကတော့ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံ ၂၄၀ ထဲက ၁၀၀ ကျော်ကို ဟားမတ်စ်က ပြန်လွှတ်ပေးခဲ့ပါတယ်။
အပြန်အလှန်အနေနဲ့ အစ္စရေးထောင်တွေထဲမှာ အဖမ်းခံထားရတဲ့ ပါလက်စတိုင်း ၂၄၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ဆက်အဖမ်းခံနေရတဲ့ ဓားစာခံ ၁၃၆ ဦး ပြန်လွတ်အောင်လုပ်ဖို့ နေတန်ယာဟုအပေါ် ဖိအားတိုးပွားနေပါတယ်။
ဝန်ကြီးချုပ်ဟာ ပြန်ပေးဆွဲခံရသူတွေကို မစွန့်လွှတ်ဘူးလို့ ကတိပေးခဲ့ဖူးကြောင်း၊ အခုကျတော့ ဓားစာခံတွေကို စတေးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် သူ့ခေါင်းဆောင်မှုနဲ့ သူ့ရိုးသားမှုကို ပြည်သူထံချပြဖို့ လိုတယ်လို့ ဓားစာခံတွေရဲ့ မိသားစုဝင်တွေက ကြေညာချက် ထုတ်ပြန်ထားသလို ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
Source/Photo-Reuters