ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး အရပ်သား အမျိုးသား ၄ ယောက်သေဆုံးကာ ၆ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ ဝှေခါရွာစစ်စခန်းကိုတိုက်ဖို့ ၂၀ ရက် ညနေပိုင်းက စစ်ကူအနေနဲ့ ဖားကန့်ကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကား ၃ စီးကို ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုင်းတောင် သင်္ချိုင်းကုန်းအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲကြောင့် အရပ်သား အမျိုးသား ၄ ယောက် ထိခိုက်သေဆုံးခဲ့တာမှာ ၃ ယောက်ရဲ့ ခန္ဓာကိုယ်မှာ ကျည်ဖောက်ထွင်း ဒဏ်ရာတွေတွေ့မြင်ရပြီး တခြားတယောက်ကတော့ လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံက ပြောပါတယ်။
သေဆုံးသူတွေကတော့ ဦးခင်မောင်ဇော်၊ ကိုကောင်းဆက်၊ အိမ်ခြေရာမဲ့တစ်ဦးနဲ့ အတည်မပြုနိုင်သေးသူတစ်ဦး ဖြစ်တယ်လို့ ဆိုင်းတောင်ဒေသခံက ပြောပါတယ်။
“သူတို့ ကြားဖြတ်တိုက်ခံရတဲ့အချိန် ပြန်ဆုတ်ကြတော့ ကြားမှာပြည်သူတွေက ပိတ်မိသွားတာ။ သေဆုံးသွားတဲ့သူတွေကို စစ်သားတွေ ပစ်သွားတာ မြင်လိုက်တဲ့သူတွေ ရှိတယ်။ ရုတ်တရက် ဆိုတော့ ဘယ်ပြေးရမှန်းမသိ ဖြစ်ကုန်တာ။”
ဖားကန့်ဘက်ကို ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံပစ်ခတ်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျည်တွေလည်း ဆိုင်းတောင်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့လို့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ရွာသားတဦးက ပြောပါတယ်။
“ကျည်ရာတွေပဲ အိမ်တွေလည်း။ ရုတ်တရက်ဖြစ်တာဆိုတော့ လက်နက်ကြီးကျတဲ့ချိန် အိမ်ကမှန်တွေလည်း ကွဲထွက်ကုန်တယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦး လက်နက်ကြီးကျလို့ ဒဏ်ရာရထားတယ်။”
အဆိုပါတိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်သေဆုံးမှုရှိသလို အရပ်သား ပျောက်ဆုံးမှုလည်း ရှိတယ်လို့ ပြောကြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားစဥ်အတွင်း လမ်းပေါ်မှာတွေ့တဲ့ အရပ်သားတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေကပြောပေမဲ့ အဖမ်းခံရသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ ဝှေခါစစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး နှစ်ဖက် တိုက်ပွဲတွေ ရပ်နားသွားပေမဲ့ အခြေအနေတည်ငြိမ်မှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပြီး စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။
ဓာတ်ပုံ - CJ