အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ တွေ့ရှိခဲ့တဲ့ ဥမင်လိုဏ်ခေါင်းတခုရဲ့ ဗီဒီယိုကို ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဟားမတ်စ်တွေက ဓားစာခံ အယောက် ၂၀ လောက်ကို ထိန်းသိမ်းထားခဲ့တဲ့ အကျဉ်းခန်းတွေဖြစ်ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
ကျဉ်းမြောင်းတဲ့ လမ်းကြောင်းတွေနဲ့ ဥမင်လိုဏ်ခေါင်းဟာ ၁ ကီလိုမီတာ ရှည်လျားပြီး ပေါက်ကွဲမှုဒဏ်ခံ တံခါးတွေ တပ်ဆင်ထားကာ ဖောက်ခွဲရေးပစ္စည်းတွေလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သတ္တုဘားတိုင်တွေနောက်က အခန်းကျဉ်း ၅ ခန်း၊ အိမ်သာတွေ၊ မွေ့ယာတွေ၊ အိုးခွက်တွေလည်း တွေ့ရှိရကြောင်း ဗီဒီယိုဖိုင်မှာ ပြသခဲ့ပါတယ်။
ဒါတွေအပြင် နိုဝင်ဘာ အပစ်အခတ်ရပ်စဲရေးအတွင်း လွတ်မြောက်သွားခဲ့တဲ့ ကလေးဓားစာခံတဦးရဲ့ ပန်းချီကားတွေကိုတောင် တွေ့ခဲ့ရကြောင်းလည်း ဟာဂါရီက ပြောပါတယ်။
လိုဏ်ခေါင်းကို တွေ့ရှိချိန်မှာ ဓားစာခံတွေတော့ ရှိမနေခဲ့ဘူးလို့လည်း ဆိုပါတယ်။ စစ်တပ်ဟာ မြေအောက်ဝင်္ကပါက ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပြီး ဥမင်လိုဏ်ခေါင်းကို မဖျက်ဆီးပစ်ခင် မှတ်တမ်းတင်ဖို့အတွက် သတင်းထောက်တွေကို ခေါ်ဆောင်ခဲ့ကြောင်းလည်း ပြောပါတယ်။
ဥမင်လိုဏ်ခေါင်းဝင်ပေါက်ဟာ ဂါဇာတောင်ပိုင်းရှိ ခန်ယိုးနစ်မြို့က ဟားမတ်စ်အဖွဲ့ဝင်တဦးရဲ့ နေအိမ်မှာဖြစ်တယ်လို့ ဟာဂါရီက ပြောပါတယ်။
Source/Photo - Reuters