မွန်ပြည်နယ်၊ သထုံမြို့မှာ ဆယ်ကျော်သက်အရွယ် လူငယ်အမျိုးသားတယောက် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အကြင်နာတွဲလက် ပရဟိတအသင်းကနေ သိရပါတယ်။
ဇန်နဝါရီ ၂ဝ ရက် မနက် ၈ နာရီဝန်းကျင်ကသထုံမြို့၊ မြသပိတ် တောင်ရင်ပြင်အောက်ဘက် မှာရှိတဲ့ ကျောက်ထုတ်တန်းတစ်ခုမှာ ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ခဲ့ကြရတာလို့ သိရပါတယ်။
ပရဟိတသမားတစ်ဦးပြောတာက "ရင်ပြင်ရဲ့ အောက်ဘက်မှာ ထောက်လေးတွေ ထောက်ထားတာရှိတယ်။ အဲဒီကနေ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို စီရင်လိုက်တာ၊ သူရဲ့ဖုန်းထဲကို ဝင်ကြည့်ရသလောက် ခန့်မှန်းပြောရရင်၊ ကောင်မလေးနဲ့ အဆင်မပြေလို့ လုပ်လိုက်တဲ့ ပုံစံမျိုး” လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၉ နှစ် အရွယ်ရှိပြီး သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုတန်းလမ်းမှာ နေထိုင်သူ တစ်ဦးဖြစ်ပါတယ်။
ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားပေးတယ်လို့ အကြင်နာတွဲလက် ပရဟိတအသင်းဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာ အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသားတယောက် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်။