ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ သူ့ဩဇာခံ ပအိုဝ်းပြည်သူ့စစ်၊ ပအိုဝ်းတော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်လို့ ဒေသခံအိမ်တွေ မီးလောင်ပြီး ခရီးသွားတွေလည်း ပိတ်မိနေပါတယ်။
မဲနယ်တောင်ဒေသ၊ စံဖူးကျေးရွာနဲ့ စငေါ်ကျေးရွာနားမှာ ဒီနေ့ ဇန်နဝါရီ ၂၁ ရက် မနက် အစောပိုင်း ၁ နာရီလောက်က စစ်ကောင်စီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။
စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနေအိမ်တွေ လက်နက်ကြီး ထိပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ရွာထဲရော အနီးတဝိုက်ရော ပစ်နေကြတာ။ ဒူးတွေ တုန်၊ ရင်တွေတောင်တုန်တယ်။ အများစုက တောထဲမှာ ရှောင်ကုန်ပြီ။ အိမ်မီးလောင်တာ တွေ့နေရပေမယ့် ပြန်မငြှိမ်းရဲကြဘူး။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်နေကြတယ်။ ကိုယ့်အိမ် မီးလောင်တာတောင် အဝေးကနေ ဒီတိုင်းပဲ ထိုင်ကြည့်ခဲ့ရတယ်။ ရင်နာတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲ ပြင်းထန်နေတုန်းဖြစ်ပြီး တိုက်ပွဲအကြား ပိတ်မိနေတဲ့ ဒေသခံအများကြီးရှိသလို ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့သိရပါတယ်။
PNO နဲ့ စစ်ကောင်စီက ကျေးရွာတွေထဲကို လက်နက်ကြီးတွေပစ်ခတ်နေပြီး မဲနယ်တောင်ဘက်ကို အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
လုဲင်းခါရွာခံတယောက် “မနေ့ည သန်းခေါင်အချိန် လက်နက်သံ စကြားတယ်။ ခုလည်း ကြားနေတုန်းပဲ။ အပြင်မထွက်ရဲကြဘူး။ PNO၊ စစ်ကောင်စီဘက်ကလည်း အများကြီး ရောက်လာတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားထဲ ပိတ်မိနေတဲ့ ရွာသားတွေလည်း များတယ်။ နေအိမ်တချို့လည်း မီးလောင်နေတယ်။ ဘယ်သူမှ မငြှိမ်းရဲကြဘူး” လို့ ပြောပါတယ်။
လူတချို့ ဒဏ်ရာရသလို အိမ် ၁၀ လုံးကျော် မီးလောင်သွားတယ်လို့ သူက ပြောပြီး လက်ရှိမှာ အင်တာနက်လိုင်းတွေ နှေးကုန်တာကြောင့် လိုင်းပြတ်သွားမှာကို စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက စငေါ်ကျေးရွာကစပြီး စံဖူးဒေသထိ လမ်းတလျှောက်ကို ပိတ်ထားပြီး ဒေသခံတွေကို ဖြတ်ခွင့်မပြုဘူးလို့ သိရပါတယ်။
မဲနယ်တောင်တက်တဲ့ ခရီးသွား ၁၀၀ လောက်ကိုလည်း PNO နဲ့ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးပါဘူး။