ရှမ်း-ကယားနယ်စပ် ဖယ်ခုံအနောက်ခြမ်း အနောက်ပဒေါင်တောင်ပေါ် စစ်ဘေးရှောင်စခန်းမှာ ရေရှည်စားနပ်ရိက္ခာအတွက် စပါးစိုက်ပျိုးနေကြတယ်လို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
အနောက်ပဒေါင် တောင်ပေါ်စစ်ရှောင်စခန်းမှာ အလှူရှင်တွေ နည်းပါးပြီး စားနပ်ရိက္ခာ မကြာခဏ ပြတ်လပ်တတ်တဲ့အတွက် ရေရှည်အတွက် စဉ်းစား စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်စခန်းမှာ အကူအညီပေးနေသူ အမျိုးသမီးတယောက်က “လူက ၈၀၀ လောက် ရှိတယ်လေ။ ဆန်က တခါမှ လောက်ငတယ် မရှိဘူးလေ။ စားနပ်ရိက္ခာက အမြဲတမ်း လိုနေကြတော့ တောင်ယာစပါး စိုက်ကြတာ၊ စပါးမျိုးစေ့ကို စစ်ရှောင် ကော်မတီကနေ ဝယ်ပေးတာပေါ့။ ဟင်းအတွက်က အခု မှိုတွေ စစိုက်နေတယ်” လို့ ပြောပါတယ်။
စပါးမျိုးစေ့အပြင် ဆောင်းသီးနှံမျိုးစေ့တွေကိုပါ အလှူရှင်အဖွဲ့အစည်းတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးကူညီထောက်ပံ့မှု ရယူခဲ့တယ်လို့ သိရပါတယ်။
တောင်ပေါ်ဒေသ စစ်ဘေးရှောင်စခန်းဖြစ်တဲ့အတွက် သောက်သုံးရေတွေလည်း ရှားပါးပြီး ရေကား ၁ စီးကို ငွေကျပ် ၁ သိန်းခွဲအထိ ဈေးကြီးပေးဝယ် သုံးစွဲနေရပါတယ်။
ဒါကြောင့် ရေလိုအပ်တဲ့ စိုက်ပျိုးသီးနှံတွေစိုက်ပျိုးဖို့ အဆင်မပြေတဲ့အတွက် နေရာဒေသအလိုက် ကူညီပံ့ပိုးမှုတွေ ဆက်လက်ရရှိဖို့ စစ်ဘေးရှောင်တွေ မျှော်လင့်နေကြပါတယ်။