မက္ကဆီကိုနိုင်ငံ ပင်လယ်ကွေ့ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ ဗီရာခရုဇ်ပြည်နယ်ရှိ လဲရ်ဒိုဒေ တေဟာရာမြို့မှာ ဒေသရဲအရာရှိတွေက စစ်ဆေးရေးဂိတ်မှာ ကားမရပ်ပေးတဲ့ လူငယ်တဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်မှာ ဒေသခံလူထုက ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြပြီး မြူနီစီပယ်နန်းတော်ကိုလည်း မီးရှို့ခဲ့ပါတယ်။
သူ့ဆွေမျိုးတွေ ပြောကြားချက်အရ ရဲတွေက လူငယ်ရဲ့ လည်ပင်းကို ပစ်ခတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒေသခံ ကျောင်းဆရာမတဦးရဲ့ သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဘရန်ဒွန် အာရီလ်ယာနိုဟာ သူ့အဘွားအိမ်ရဲ့ အပြင်ဘက်ကို ရောက်ရှိလာချိန်မှာ ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့တာ ဖြစ်ကြောင်း နေရှင်နယ်မီဒီယာက ဖော်ပြခဲ့ပါတယ်။
အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုတွေမှာတော့ အခင်းဖြစ်ပွားရာနေရာမှာ သူ့ကို သူ့ဖခင်က အသက်ပြန်ရှင်အောင် ကြိုးစားနေတာကို တွေ့မြင်ရပါတယ်။
ဖခင်ဖြစ်သူ ဒလ်ဖှီနို အာရီလ်ယာနိုက“သူ ကားပါကင်ထိုးပြီးချိန်မှာပဲ ရဲတွေက ကားကိုပစ်ခတ်ပြီး သူ့ကိုလည်း ချက်ချင်းပဲ ပစ်သတ်လိုက်တာ၊ သူ့သားလေး ချက်ချင်းပဲ သေသွားရတယ်” လို့ ဗီဒီယိုထဲမှာ ပြောပါတယ်။
အာဏာပိုင်တွေက အာရီလ်ယာနိုကို ဘာကြောင့် ရပ်ခိုင်းတယ် ဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ဒေသခံမီဒီယာ လဲရ်ဒိုအက်စ်တာဒီပိုင်းက ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ အိမ်နီးနားချင်းတွေက အာရီလ်ယာနို ပစ်သတ်ခံရတဲ့ ကားဘေးနားမှာ ရဲအရာရှိတွေကို ဝိုင်းအုံပိတ်ဆို့ထားတာကို ပြသခဲ့ပါတယ်။
လူအုပ်ကြီးက ရဲတပ်ဖွဲ့ကို တွန်းထိုးထိုးကြိတ်ကာ အာရီလ်ယာနိုကို ဘယ်သူ သတ်ခဲ့တာလဲဆိုတာ သိဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပစ်သတ်မှုဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ စည်ပင်ရဲအရာရှိ ၄ ဦးကို လူသတ်မှု သံသယနဲ့ ဖမ်းဆီးထားပြီး ရဲအရာရှိတွေက ပြည်နယ်အစိုးရရှေ့နေတွေဆီမှာ သူတို့ရဲ့ ထွက်ဆိုချက်တွေကို တင်ပြမှာဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။ ပြစ်ဒဏ်ကင်းလွတ်မှု ရှိမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။
Source/Photo - Reuters