မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အိမ်၊ တိုက်ခန်းနဲ့ အဆောင်အငှားရှာသူ များလာတာကြောင့် ငှားခတွေ မြင့်တက်လာတယ်လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေနဲ့ အိမ်ငှားနေထိုင်သူတွေဆီက သိရပါတယ်။
ကော့ကရိတ်၊ ကျိုက်မရောနဲ့ ရေးမြို့တို့မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲရှောင်ဖို့ မော်လမြိုင်ကို လာရောက်အိမ်ငှားနေထိုင်တာ များလာပြီး အိမ်ငှားခဈေးတွေ မြင့်တက်လာတာပါ။
အိမ်အငှားနေထိုင်သူတယောက်က “အရင်က တိုက်ခန်းငှားခက ၁ သိန်း ၂ သောင်း၊ ၁ သိန်း ၃ သောင်းလောက်ပဲ ရှိတာ။ အခုက ၅ လွှာ၊ ၆ လွှာတောင် အနိမ့်ဆုံး ၂ သိန်းလောက် ရှိတယ်။ အဆောင်တွေလည်း အခု အနိမ့်ဆုံး ၁ သိန်းပဲ။ အဲဒါတောင် အခု ပြည့်နေကြပြီ။ အခုက မော်လမြိုင်ကို တိုက်ပွဲရှောင်ဖို့အတွက် ပြောင်းနေတဲ့သူတွေက များတယ်လေ။ အိမ်ရှားလေ အိမ်ပိုင်ရှင်တွေက ဈေးတက်လေပဲ” ပြောပါတယ်။
မော်လမြိုင်က တိုက်ခန်း၊ အိမ်၊ အဆောင်းအငှားဈေးတွေဟာ တနှစ်အတွင်း အနည်းဆုံးကျပ် ၅ သောင်းကနေ ၃ သိန်းအထိ ဈေးတက်သွားတာလို့ အိမ်အငှား နေထိုင်သူတွေဆီက သိရပါတယ်။
အိမ်အဝယ်လိုက်နေတာနဲ့ အိမ်ငှားနေထိုင်သူတွေ များပြားလာတာကြောင့် အိမ်အငှားခဈေးတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ အိမ်၊ ခြံ၊ မြေပွဲစားတယောက်က ပြောပါတယ်။
“တခြားနေရာက ပြောင်းလာသူတွေက များတယ်။ အိမ်နဲ့ တိုက်ခန်း နည်းနည်း သန့်တဲ့ ဟာတွေဆို အခု အကုန်ရောင်းထွက်သွားပြီ။ တိုက်ပွဲရှောင်နေတဲ့သူ အများစုက မော်လမြိုင်မှာနေထိုင်ဖို့ ရွေးချယ်လာကြတာ။ အခု အိမ်ငှားတဲ့ပိုင်ရှင်တွေက ပွဲစားနဲ့ မချိတ်ကြတော့ဘူး။ အိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်လိုက်နဲ့ အိမ်က ချက်ချင်း အငှားထွက်တယ်။ ကျောင်းဖွင့်ချိန်ဖြစ်တော့ ကျောင်းသားတွေလည်း ငှားနေကြတာ များတော့ ပိုဆိုးတယ်” လို့ ပြောပါတယ်။
၂၀၂၃ ဇူလိုင်က ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ်ထွက်မယ်ဆိုတဲ့ သတင်းကြောင့်လည်း မော်လမြိုင်မြို့အတွင်းသာမက မြို့အပြင်က အိမ်၊ တိုက်ခန်းနဲ့ အဆောင်ငှားဈေးခတွေပါ ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းတွေ အပါအဝင် အလုပ်သမားတွေရဲ့ လုပ်ခ လစာတိုးမလာပေမယ့် အခြေခံကုန်ဈေးနှုန်းနဲ့ အိမ်ငှားခတွေကတော့ အဆမတန် တက်လာခဲ့ပါတယ်။