တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတယောက် သေနတ်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ရွာခံပြည်သူတွေ ဆီကနေ သိရပါတယ်။
သေဆုံးသူဟာ ညောင်ပင်ကွင်းရွာအနောက်ကမ်း တံတားထိပ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်နားမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် ဒေါ်အေး ဖြစ်ပြီး ၎င်းနေအိမ်အနီး သေနတ်သံ ကြားတာကြောင့် ကျုံးတွင်းထဲဝင်ပုန်းဖို့ လုပ်တုန်းမှာ ကျည်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒေသခံအမျိုးသားတယောက်က “သူ့ရဲ့ နွားကို အိမ်နားက ချောင်းမှာ ရေသွားတိုက်ရင်း သေနတ်သံ ကြားလို့ ကျုံးတွင်းထဲဝင်ပုန်းဖို့ ဆိုပြီး လှန်းထားတဲ့ ဖျာတချပ် သွားယူဖို့လုပ်ရင်းနဲ့ လှည့်အထွက်မှာ ကျည်မှန်သွားတာပါ” လို့ ပြောပါတယ်။
ညောင်ပင်ကွင်းကျေးရွာအနောက်ဘက် တံတားမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က တပ်သားတွေနဲ့ ရွာအရှေ့ကမ်းဘက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ရွာခံတယောက်က “ဘယ်အဖွဲ့ကနေပစ်လို့ ထိမှန်းမသိ ဖြစ်နေတာပါ။ ပစ်နေတာက ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းနဲ့ ပစ်နေကြတာ။ သူက ပြည်သူ့စစ်တွေရှိတဲ့ အနောက်ကမ်းဘက်မှာ ရှိနေတယ်ပေါ့။ အရင် ၁၅ ရက်နေ့တည်းက သူက သဘော့လိပ်ရွာဘက်မှာ ရှောင်နေတာတဲ့။ အခုက ခဏတဖြုတ် ရွာပြန်လာတုန်းမှာ တိုက်ပွဲရုတ်တရက်ဖြစ်ရင်း ကျည်ထိသွားတာပါ” လို့ ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်တာ ရပ်သွားအချိန်မှာ ကျေးရွာနေပြည်သူတွေက သေဆုံးသူ ဒေါ်အေး ကို ညောင်ပင်ကွင်းရွာ အရှေ့ကမ်းဘက်ကို သယ်ဆောင်သွားခဲ့ပြီး ဒီဖြစ်စဉ်အပေါ် စစ်ကောင်စီဘက်ကရော တော်လှန်ရေးအဖွဲ့ဘက်ကရော ပြောဆိုထားတာ မရှိပါဘူး။
အဲဒီနေ့ ညဘက်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းကနေ လက်နက်ကြီးတွေ ဆက်တိုက် ရမ်းသန်းပစ်ခတ် ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ကစပြီး ညောင်ပင်ကွင်းကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ အရပ်သားပြည်သူ အများအပြား နေရပ်စွန့်ခွာထွက်ပြေးကြသလို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက် လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။