ဟူသီအဖွဲ့က အေဒင်ပင်လယ်ကွေ့ကို ပစ်မှတ်ထား ပစ်လွှတ်တဲ့ သင်္ဘောဖျက် ဒုံးကျည်တစင်းကို အမေရိကန်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ထပ်ပစ်လွှတ်ဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်စစ်တပ်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။
အမေရိကန်က ဟူသီတွေရဲ့ တခြားသင်္ဘောဖျက် ဒုံးကျည်သုံးစင်းကို ပစ်ချအပြီး နာရီပိုင်းအတွင်း ဟူသီတွေက နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့တာပါ။
“ဒီဒုံးကျည်ဟာ ဒေသတွင်း ကုန်တင်သင်္ဘောတွေနဲ့ အမေရိကန် ရေတပ်သင်္ဘောတွေကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်တပ်ဖွဲ့တွေက ဆုံးဖြတ်ခဲ့ပြီး ဒီဒုံးကျည်ကို ခုခံကာကွယ်ရာမှာ ထိမှန် ဖျက်ဆီးခဲ့တာ” လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က X လူမှုကွန်ရက် မီဒီယာမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ တင်းမာမှုတွေ တိုးလာနေတဲ့ကြားက နောက်ဆုံး ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အနှောင့်အယှက်ပေးပြီး ထောက်ပံ့ရေး ပိတ်ဆို့တာတွေကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန် ယီမင်စံတော်ချိန် မနက် ၄ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာလို့ အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက ပင်လယ်နီအတွင်းနဲ့ ပင်လယ်နီတဝိုက်က သင်္ဘောတွေကို အီရန်နှင့် မဟာမိတ်ပြုထားတဲ့ ဟူသီပြည်သူ့စစ်တွေက တိုက်ခိုက်ခဲ့လို့ အာရှနှင့် ဥရောပအကြား ကုန်သွယ်မှု နှေးကွေးသွားခဲ့တာပါ။ ဂါဇာမှာ စတဲ့ စစ်ပွဲတွေ ပိုကျယ်ပြန့် ပြင်းထန်လာနေလို့ အဓိက အင်အားကြီးနိုင်ငံတွေက စိုးရိမ်ထိတ်လန့်နေကြပါတယ်။
Source/Photo - Reuters