ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဂျာလစ်လ်အက်ဘာ့စ်ဂျီလာနီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အာမီယာအဗ္ဗဒိုလာဟီယန်တို့ဟာ သောကြာနေ့မှာ ဖုန်းနဲ့ စကားပြောဆိုခဲ့ကြပြီးတော့နှစ် နိုင်ငံစလုံးရဲ့ နယ်မြေတွေအတွင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာတဲ့ အခြေအနေတွေကို လျှော့ချဖို့ သဘောတူညီခဲ့ကြတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဂျီလာနီဟာ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို အခြေခံပြီး အီရန်နဲ့ လက်တွဲလုပ်ဆောင်လိုတဲ့ ပါကစ္စတန်ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပါကစ္စတန်နဲ့ အီရန်တို့ကြား နီးကပ်တဲ့ ညီရင်းအစ်ကို ဆက်ဆံရေးကို အလေးထားပြသကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာရမယ့် ပူးပေါင်းဆောင်ရွက်မှုကို ဂျီလာနီက အလေးပေးပြောကြားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနရဲ့ အဆိုအရ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လုပ်ငန်းအဆင့် ပူးပေါင်းဆောင်ရွက်မှုနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အနီးကပ် ညှိနှိုင်းဆောင်ရွက်ရေး သဘောတူညီခဲ့ကြပြီး အပြန်အလှန် အလေးထားမှုဆိုင်ရာ တခြားကဏ္ဍတွေကို အားကောင်းစေသင့်ကြောင်းလည်း ဆိုထားပါတယ်။
နှစ်နိုင်ငံ သံတမန်တွေကိုလည်း သက်ဆိုင်ရာ မြို့တော်တွေဆီ ပြန်လည်ပို့ဆောင်ရေးကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးရဲ့ နယ်မြေတွေအတွင်း စစ်သွေးကြွတွေရဲ့ အခြေစိုက်စခန်းတွေကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့အပြီး နှစ်နိုင်ငံ တင်းမာမှုတွေ ရှိခဲ့ပြီးနောက် သောကြာနေ့မှာ ပါကစ္စတန် အိမ်စောင့်၀န်ကြီးချုပ် အန်ဝါ အူလ်ဟက်ခ် ကာကာနဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ အားလုံး တက်ရောက်တဲ့ အမျိုးသားလုံခြုံရေး ကော်မတီ အစည်းအဝေးကို ခေါ်ယူခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံခင်းတမန်ခင်းတွေကနေ အသေးအမွှား စိတ်အနှောင့်အယှက်တွေကို အပြန်အလှန် ဖြတ်ကျော်သွားမှာဖြစ်ကြောင်းလည်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့လည်း ပါကစ္စတန်ရဲ့ ပိုင်နက်နယ်မြေကို ချိုးဖောက်ဖို့ ကြိုးပမ်းမှုမှန်သမျှကိုလည်း “နိုင်ငံတော်ရဲ့ စွမ်းအားအပြည့်နဲ့ တုံ့ပြန်သွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။ လုံခြုံရေးစိုးရိမ်မှုတွေကို ဖြေရှင်းဖို့အတွက် လက်ရှိဆက်သွယ်ရေးလမ်းကြောင်းတွေကို အသုံးပြုဖို့လည်း အီရန်နိုင်ငံကို တိုက်တွန်းထားပါတယ်။
Source/Photo - Reuters