မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သားအမိ ၂ ယောက်သေဆုံးသွားခဲ့ပြီး ပျားရွာကနေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီရဲ့ ဂန့်ဂေါအမြောက်တပ် ၃၇၁ ကနေ အနောက်ဂန့်ဂေါဘက်ကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့ပြီး ၂ နာရီခွဲဝန်းကျင်မှာ ကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အနောက်ဂန့်ဂေါရွာက အသက် ၄၅ အရွယ် ဒေါ်အေးအောင်နဲ့ ၁ နှစ်သားအရွယ် မိန်းကလေးငယ် ၁ ယောက် လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ပြီး သေဆုံးသွားခဲ့တာလို့ ဒေသခံရွာသားတယောက်က ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
“အနောက်ဂန့်ဂေါ အရှေ့ခြမ်းကပါ။ မိခင်ဖြစ်သူကတော့ လည်ပင်းထိမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ ကလေးကတော့ ဆေးရုံကိုပို့တုန်း We Love Gangaw တံတားနားမှာ ဆုံးသွားတာ” လို့ ပြောပါတယ်။
လက်နက်ကြီးကြောင့် သေဆုံးတဲ့ သားအမိ ၂ ယောက်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီ ၂၁ ရက် ဒီနေ့ နေ့ခင်း ၁၂ နာရီမှာ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဂန့်ဂေါနယ်က ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က “လက်နက်ကြီးကတော့ လောင်ထောင်ဂိတ်ကလည်း ပစ်တယ်။ အမြောက်တပ်ကလည်း ပစ်တယ်ဗျ။ ၁၂၀ မမ နဲ့ ပစ်တာ။ စစ်တပ်ကို ပြောချင်တာကတော့ သူတို့ကို ကျနော်တို့က ရန်သူလို့ သတ်မှတ်ထားသလို သူတို့ကလည်း ကျနော်တို့ကို ရန်သူလို့ သဘောထားတယ်။ အဲဒီအတွက် ရန်သူအချင်းချင်း ပစ်ခတ်သတ်ဖြတ်တာကို ကျနော်တို့ ဘာမှမပြောလိုဘူး။ သူတို့ ဇ ရှိရင် ကျနော်တို့နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေဘက် ပစ်လေ။ အခုဟာက အပြစ်မဲ့တဲ့ ပြည်သူတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီ လက်နက်ကြီးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ဂန့်ဂေါမြို့ အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
၂၀၂၃ နှစ် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မြောက်ခင်ရန်းရွာက စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြင်သားရွာက ဒေသခံ ၆ ယောက် လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
ဓာတ်ပုံ-ယောအလင်းတန်း(စစ်တပ် လက်နက်ကြီးကြောင့် ပျားရွာ ကနေအိမ် ပျက်စီးပုံ)