ပနားမားစီးတီးအပြင်ဘက်ရှိ အမှိုက်ပုံကြီးတခုမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဇန်နဝါရီ ၁၉ ရက်က မီးသတ်သမားတွေ ငြှိမ်းသတ်နေကြပြီး နိုင်ငံရဲ့ မြို့တော်မှာ အဆိပ်သင့်မီးခိုးတွေ ပျံ့နှံ့နေပါတယ်။
ဆယ်ရို ကာတာပွန်လို့ လူသိများတဲ့ နိုင်ငံရဲ့အကြီးဆုံး အမှိုက်ပုံကြီးဟာ ဟက်တာ ၁၃၀ ကျော် ကျယ်ဝန်းပြီး အဲဒီထဲက ၆ ဟက်တာမှ ၈ ဟက်တာအကြား မီးလောင်ခဲ့တာ ဖြစ်ကြောင်း မီးသတ်သမားတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒေသခံတွေကို မီးတောက်တွေနဲ့ အဆိပ်သင့် ဓာတ်ငွေ့တွေကနေ ကာကွယ်ဖို့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီး လူးဝစ်စ်ဖရန်စစ္စကို ဆူခရီက သတင်းထောက်တွေကို ပြောပါတယ်။
မျက်စိယားယံတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့ ကျန်းမာရေးဌာနတွေကိုလည်း ဖွင့်လှစ်ထားရှိခဲ့ပါတယ်။
ဆိုရှယ်မီဒီယာပေါ်ရှိ ဗွီဒီယိုတွေမှာတော့ မီးခိုးရောင် မီးခိုးလုံးတွေအပေါ်မှာ မောင်းနှင် ပျံသန်းနေကြတဲ့ ရဟတ်ယာဉ်တွေကနေ ရေပက်ဖျန်း မီးငြှိမ်းသတ်နေပုံတွေကို ပြထားပါတယ်။
မနက် ၆ နာရီကတည်းက စတင်ပြီး ရေဂါလန် ၇,၃၆၀ လောက်ကို ဧရိယာအနှံ့ ဖြန်းပေးခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက် စနေနေ့မှာတော့ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source/Photo - Reuters