Home
ဆောင်းပါး
အောင်လုပြီ ညီစို့နော်
DVB
·
January 21, 2024
Article 1_21012024

ပန်းတိုင်နီးပြီ

အားလုံးညီစို့

ကိုယ်စီရုန်းမှလွတ်လပ်မည်။    ။

ကျမတို့ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ် အစပထမမှာပဲ မထင်မှတ်လောက်ဖွယ် အောင်မြင်မှုဆီ ရောက်လုပြီဖြစ်ပါတယ်။ ဒီမြေ၊ ဒီရေနဲ့ ဒီနည်း ဒီခရီးမှာ ဒီပြည်သူတွေ ညီကြဖို့ အချိန်ရောက်နေပါပြီ။ ဖက်ဆစ်အာဏာရှင်အုပ်စုဟာ နိဂုံးချုပ်တော့မယ့် အနေအထားကို ရောက်ရှိနေပါပြီ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ တခြားမျိုးနွယ်စုများ အပါအဝင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ မြန်မာနွယ်ဖွား ပြည်သူတွေဟာ မိမိတို့ အခွင့်အရေးအတွက် မိမိတို့အားလုံး ပါဝင်ကြဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ပြီးဆုံးလုပြီဖြစ်တဲ့ စစ်အာဏာရှင်အုပ်စု ပျက်သုဉ်းသွားတဲ့အခါ မြန်မာပြည်သူတွေဟာ မိမိတို့ ရပိုင်ခွင့်၊ ပြောဆိုခွင့်၊ ခံစားခွင့်တွေနဲ့အတူ လှပတဲ့အနာဂတ်ကို ညီညွတ်မျှတစွာ ထုဆစ်ပေးခဲ့ကြရမှာ ဖြစ်ပါတယ်။ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းပါ နောကျေခဲ့သူများအဖို့ နောက်တခါ မြန်မာပြည်ကြီး အဖြစ်မဆိုးဖို့ ကောင်းကျိုးကိုသာ ရှေးရှု ညှိနှိုင်းကြရမှာပါ။ နည်းပညာခေတ်မှာ အသင်းအဖွဲ့အစည်း အုပ်စုပေါင်းစုံဟာ ကလေးတွေရှေ့ အမည်ကောင်းနဲ့ စံပြလုပ်ပြကြရမှာဖြစ်ကြောင်း အားလုံးနားလည်ထားကြပါတယ်။

တိုင်းရင်းသား ပြည်နယ်အသီးသီး၊ တိုင်းအားလုံးနဲ့ ပြည်ပ နိုင်ငံတကာက မြန်မာနွယ်ဖွား အလွှာပေါင်းစုံတို့ရဲ့ အဆုံးစွန်အထိ ညီညွတ်စွာ တိုက်ပွဲဝင် လုပ်ဆောင်မှုတွေကြောင့်သာ ဒီလိုအောင်မြင်မှုများ ရရှိခဲ့ကြပါတယ်ဆိုတာ အငြင်းပွားဖွယ် မရှိပါဘူး။ ဆိုးရွားလှပါတဲ့ အဖျက်အမှောင့်တွေ များပြားလှတဲ့ကြားက တက်ရှိ တက်နဲ့လှော်၊ တက်မရှိ လက်နဲ့လှော်ခဲ့ကြရတာ အားလုံးသိပြီးသားပဲ ဖြစ်ပါတယ်။ လက်မရှိခဲ့ရင်တောင်မှ စိတ်နဲ့ လှော်ခဲ့ကြရတာဖြစ်တယ် ဆိုတာကို ပါဝင် တိုက်ပွဲဝင်နေကြတဲ့သူတိုင်း သိရှိကြပါတယ်။ သိလည်း သိနေကြပါရဲ့။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေဟာ လွယ်လင့်တကူ ရရှိခဲ့ကြတာတော့ မဟုတ်ပါဘူး။ ပြည်သူလူထုတွေရဲ့ အသက်၊ GZ ကလေးတွေရဲ့ အနာဂတ်တွေ မြောက်မြားလှစွာနဲ့ ရင်းနှီးပေးဆပ်ခဲ့ကြရပါတယ်။ ဒါကြောင့်ပဲ နှုတ်ဆက်ထွက်ခွာ သွားနှင့်ကြလေသူများရဲ့ ဆန္ဒတွေ၊ မျှော်လင့်ချက်တွေ ပြည့်ဝကြစေဖို့ ကျန်နေဆဲသူတွေက ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။

စစ်အာဏာရှင်တွေဟာ ရက်စက်ကြမ်းတမ်း လူမဆန်လှတဲ့ လုပ်ရပ်ဆိုးတွေနဲ့ ပြည်သူ့ဘဏ္ဍာတွေကိုသုံးပြီး ပြည်သူလူထုတွေကို ကျွန်ပြုနှိပ်စက်ပြုမူခဲ့ကြတယ်ဆိုတာ မြန်မာပြည်သူတွေအဖို့ အင်မတန် ခါးသီးဆို့နင့်ဖွယ် အတွေ့အကြုံတွေ ဖြစ်တာပါ။ ဓားမိုးဖိထား အကြောက်တရားနဲ့ ထိန်းချုပ်လို့ရတဲ့ မျိုးဆက် မဟုတ်တော့တာကို စစ်အာဏာရှင်ဟာ အင်မတန်နောက်ကျမှ သိခဲ့ရပါတယ်။ ပြည်သူလူထုတွေဟာ ဒီလို ဒီနေ့လိုမျိုး အောင်မြင်မှုတွေ ရရှိကြရဖို့ လက်ချည်းဗလာ ခြေဖဝါး လက်ဖဝါးက စခဲ့ကြရရှာပါတယ်။ ပေးဆပ်သူအားလုံးရဲ့ ဆန္ဒတွေက စစ်အာဏာရှင်တွေကို အပြီးသတ် ဖယ်ရှင်းပြီး အချိန်တန် အိမ်ပြန်သွားကြရဖို့ပါပဲ။ ဘယ်လောက်တောင် ရိုးရှင်းလှတဲ့ ပေးဆပ်သူတို့ရဲ့ ဆန္ဒဖြစ်နေပါလဲ။ မေးကြည့်နေစရာတောင် မလိုတော့ပါဘူး။ ရိုးရှင်းသလောက် လှပပြီး ချစ်ရာလည်း ကောင်းလှပါတယ်။ ဒီလိုလူတွေနဲ့ လှပနေတဲ့ အနာဂတ်ကောင်းကို စုပေါင်းကြိုးစား တည်ဆောက်ကြရအောင်ပါ။ ဒါကြောင့် အားလုံးညီညာစွာ အိမ်ပြန်တဲ့လမ်းကို ပန်းတွေခင်းပေးကြရအောင်ပါ။ သေသေချာချာ သတိပေးလိုတာကတော့ “သင်ပါရင် ပွဲသိမ်းပြီ” ဆိုတာပါပဲ။

ကြားဖြတ်လို့ သတိရမိတဲ့ပုံပြင်လေးတစကို ပြောပြပါဦးမယ်။ ပုံပြင်လေးကတော့ “သင်ပါဝင်မှ” လို့ ခေါင်းစဉ်ပေးကြည့်ပါစို့။ ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ ပွဲတခု ကျင်းပတယ်တဲ့။ ရွာရဲ့ အကြီးအကဲက အိမ်တိုင်းစေ့ နို့စစ်စစ် တအိုးစီ ရွာလယ်က သတ်မှတ်ထားတဲ့ ရာဝင်စဉ့်အိုးကြီးထဲမှာ လာထည့်ရမယ်လို့ အမိန့်ထုတ်သတဲ့။ ပွဲအတွင်း ရပ်နီး ရပ်ဝေး ဧည့်သည်တွေနဲ့ ကိုယ့်ရွာသားတွေ ကိုယ်တိုင်လည်း သောက်ဖို့ပေါ့။ ဒီမှာ ရွာသားတယောက်က စဉ်းစားသတဲ့။ “ငါ့တအိမ်က နို့တအိုးအစား ရေတအိုး သွားထည့်တာနဲ့တော့ ပြဿနာ မရှိနိုင်လောက်ပါဘူးပေါ့။” သည်ရွာသားဟာ အိုးကြီးထဲကို နို့သွားမထည့်ဘဲ ရေတွေသာ ထည့်သတဲ့။ ပွဲကျင်းပချိန်ရောက်တော့ သောက်ဖို့ အိုးထဲကိုခပ်လိုက်တော့ ရေတွေချည်း ဖြစ်နေပါရောလား။ တကယ်တမ်းက ဒီရွာသားတဦး စဉ်းစားသလို ရွာရှိလူအားလုံးကလည်း “ငါတယောက်တည်း ရေတအိုး ထည့်ရုံနဲ့ ဘာမှမဖြစ်နိုင်ဘူး။ ကျန်လူတွေက နို့တွေသာ ထည့်ကြမှာ” လို့ ထင်ခဲ့ကြတာကိုး။ ကုန်ကုန်ပြောရရင် ရွာသူကြီးကတောင် “ငါ့အမိန့်ကို ကြောက်ရတဲ့ တရွာလုံး နို့တအိုးစီထည့်ကြမှာ ငါတယောက် ရေထည့်ရုံနဲ့ ဘာမှ ပြဿနာမရှိဘူး” လို့ တွေးပြီး သူလည်း ရေတအိုးသာ ထည့်ခဲ့တယ်။ အခုလည်း ငါဝင်မပါရုံနဲ့ ဘာမှမဖြစ်ပါဘူး။ အခုလည်း ကျန်လူတွေ လုပ်နေကြပါတယ် ဆိုတဲ့ စဉ်းစားချက်နဲ့ နေသာသလို နေနေကြသူတွေ များပြားနေရင် ရထားတဲ့ အောင်မြင်မှုတွေ နောက်ဆုတ်သွားပါလိမ့်မယ်။ ဒါကြောင့် ထပ်ပြောပါမယ်။ သေသေချာချာ သတိပေးလိုတာကတော့ “သင်ပါရင် ပွဲသိမ်းပြီ” ဆိုတာပါပဲ။

ပွဲအဆုံးမှာ ဝုန်းခနဲပြိုကျဖို့က စစ်ယန္တရားကြီးလို စနစ်တကျ နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ အဖွဲ့အစည်းအဖို့ လွယ်ကူနေခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခြစားတဲ့ စိတ်ဓာတ်တွေနဲ့ အတွင်းလှိုက်စားနေခဲ့တာလည်း ကြာမြင့်နေပြီ ဖြစ်တာကြောင့် ရှင်းထုတ်ဖို့ရာ လွယ်ကူလာနေခဲ့ပြန်ပါတယ်။ အခွင့်အရေးသမားတွေနဲ့ ဖွဲ့စည်းထားခဲ့လို့လည်း အပေါ်ယံ ရွှေမှုန်ကြဲ အတွင်းက အနှစ်မရှိ အခွံသက်သက်လည်း ဖြစ်နေပါပြီ။ နာမည်ကောင်းနဲ့ ဂုဏ်သိက္ခာ လားလားမှကို မရှိတဲ့ သူတို့ပြောတဲ့ ကမ္ဘာ့အဆင့်မီ စတန်းဒက်အာမီ အဖွဲ့အစည်းကြီးပါပဲ။ ဘယ်လိုမသမာတဲ့နည်းနဲ့ပဲ လူသစ်တွေ ထပ်စုနေခဲ့ပါစေ။ ပရော်ဖက်ရှင်နယ် တပ်သားတွေတောင် ထွက်ပြေးနေတဲ့ အနေအထားမှာ “ဘူးလေးရာ ဖယုံဆင့်” သလိုပဲ “တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ဘဝ” “ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသူများ” ဖြစ်နေကြပြီဆိုတာ ပြည်တွင်း ပြည်ပ အားလုံးသိနေကြပါပြီ။

နိဂုံးအချုပ်ပြောရမယ်ဆိုရင် ကျေးဇူးရှင် လယ်တီဆရာတော်ကြီးရဲ့ ဆုံးမစာနဲ့ပဲ ပမာပေးပါရစေ။

“ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား”

ဆိုသလိုပါပဲ။ သင်မိုက်ရင် သင့်တယောက်တည်းအတွက်သာ မဟုတ်ပါဘူး၊ သင့်မျိုးဆက်ရဲ့ အနာဂတ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အားလုံး အားကုန် တိုက်ကြ၊ ရုန်းကြ၊ ခဲကြရအောင်ပါ။ ပန်းတိုင်က လက်တကမ်းမို့ တက်မထောင်သေးပဲ တက်ညီ၊ လက်ညီ၊ စိတ်ညီ သက်လုံစိုက်လို့ ကြိုးစားလိုက်ကြရအောင်ပါလို့ ဆန္ဒပြုလိုက်ရပါတယ်။    ။

သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024