စစ်သားတွေဟာ စိတ်ဓာတ်ကျနေကြပြီး တော်လှန်ရေးတပ်တွေအနေနဲ့ အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ရှိမယ်ဆိုရင် နွေဦးတော်လှန်ရေးဟာ အလွန်ဆုံး ၂ နှစ်လောက်ပဲကြာနိုင်မယ်လို့ ဖမ်းဆီးခံထားရတဲ့ ဒုတိယ ဗိုလ်မှူးကြီးက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး နဲ့ မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တွေဟာ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာက စစ်ကောင်စီအခြေစိုက်စခန်းကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ၃ ရက်နေ့မှာ လက်နက်ခဲယမ်းအများအပြားနဲ့အတူ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ ဒုတိယ ဗိုလ်မှူးကြီးသက်အောင်ရဲ့ အင်တာဗျူး ဗွီဒီယိုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်လာခဲ့ပါတယ်။
“တချို့တပ်တွေကျတော့ ၁ လ ၁ ခါ လဲတယ်။ တချို့တပ်တွေကျတော့ ၄၊ ၅၊ ၆ လ နေတာတောင် တခါမှ မလဲဘူး။ ဘာဖြစ်ချင်လဲဆိုတော့ သူတို့စိတ်ထဲမှာ လုံခြုံရေး လဲချင်ကြတယ်။ သံဘိုမှာ မနေချင်ကြဘူး။ နောက်ကိုပဲ ပြန်ချင်ကြတယ်။ တော်တော်များများရဲ့ စိတ်က အဲလိုပဲ ဖြစ်နေကြတယ်။ တိုက်လိုခိုက်လိုစိတ်လည်း မရှိကြဘူး။ စိတ်ဓာတ်အခြေအနေကတော့ တော်တော်များများက တိုက်ခိုက်ရေး အတွေ့အကြုံမရှိဘဲနဲ့ စုပေါင်းစပ်ပေါင်း ခေါ်တာပေါ့ဗျာ။ အဓိက အရေးအကြီးဆုံး အခက်အခဲကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သေနတ်ပစ်ရဲအောင်ကို မနည်းကို စုစည်းပြီးတော့ မနည်းကို လုပ်ဆောင်ခဲ့ရတယ်။
တပ်တွေကျတော့ ရှေ့တန်း To ရှေ့တန်း (ရှေ့တန်းပြီးရင်ရှေ့တန်း) ဖြစ်နေတယ်ဗျ။ စစ်ဆင်ရေးက ပုံမှန်ကျတော့ ဝင်ရမယ့်အချိန် ရှိတယ်။ နားရတဲ့အချိန် ရှိတယ်။ အခုကကျတော့ နားရတဲ့အချိန်ဆိုတာ မရှိသလောက် ဖြစ်သွားပြီ။ တနှစ်ပတ်လည်လုံးလုံး ကိုယ့်တပ်ကို ကိုယ် ပြန်မကပ်ရဘူး ဆိုတဲ့ အနေအထားမျိုး ဖြစ်နေတဲ့ခါကျတော့ တော်တော်များများကတော့ Depression (စိတ်ဓာတ်ကျ)တော့ဝင်တာပေါ့ဗျာ။ အိမ်နဲ့ ဝေးတဲ့ခါကျတော့ အဲလို Depression ဝင်တာပေါ့။ အဲဒါအပြင်တချို့ဟာတွေ တချို့တပ်မှူးတွေရဲ့ အလွဲတွေ ဘာတွေကျတော့လည်း အောက်ကအဖွဲ့တွေ ပိုပြီး စိတ်ဓာတ်ကျစရာဖြစ်လာတာပေါ့” လို့ ပြောထားပါတယ်။
ကိုယ်ပိုင်အမှတ် ကြည်း ၃၃၅၆၉၊ ဒုတိယဗိုလ်မှူးကြီးသက်အောင်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ တပ်မတော် နည်းပညာတက္ကသိုလ်တို့မှာ ၂၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံဘိုစခန်းကို တိုက်ခိုက်မခံရခင် ဒီဇင်ဘာ ၄ ရက်နေ့မှာမှ စစ်ကြောင်းမှူးအနေနဲ့ ရောက်လာခဲ့တာလို့ ဆိုပါတယ်။
သူဟာ ဖမ်းဆီးခံရတုန်းကလည်း ပြုံးပြုံးရွှင်ရွှင်ရှိနေခဲ့သလို အခုလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောဆိုနေတာပါ။ သူ့အနေနဲ့ စစ်ဆင်ရေး အတွေ့အကြုံမရှိတာကြောင့် လက်အောက်ကသူတွေကို မေးပြီး နားလည်သမျှနဲ့ ခံစစ်ကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်မှာ တပ်မတော်အုပ်ချုပ်မှု အကူအတတ်သင်ကျောင်း၊ တပ်မတော် လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာကျောင်း၊ ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်ကျောင်း စတဲ့ တပ်တွေက သင်တန်းသား တပ်သားတွေနဲ့ စုဖွဲ့ထားတာလို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေကတော့ ဒီ ၃ နှစ်လောက်အတွင်းမှာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်လို့ သူက ပြောပါတယ်။
“မီဒီယာတွေမှာ တွေ့ဖူးတာပေါ့ဗျာ။ တတောင့်ထိုး သေနတ်ကလေးတွေ။ PVC နဲ့ လုပ်ထားတဲ့ မိုင်းလေးတွေ၊ ဒရော့ဗုံးကြဲတယ်ဆိုလည်း PVC နဲ့ လုပ်ထားတဲ့ဟာလေးတွေ။ အဲဒါလေးတွေ ကြည့်ပြီး ရယ်ချင်တယ်ဗျ။ ဘာလို့ရယ်ချင်လဲဆိုတော့ ကျနော်က လက်နက်နဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစား လေ့လာခဲ့တာကိုး။ စိန်ပြောင်းတွေ ပစ်ကြတယ်။ ဟာ ပြောင်းကွဲပြီးတော့ သေတော့မှာပဲ။ အဲလိုမျိုးကို တခါတလေကျတော့ တွေးမိတယ်ဗျ။ ဘာလို့လဲဆိုတော့ ဒီဟာနဲ့ ပတ်သက်တဲ့ဟာတွေက ဘယ်လို Effect ဖြစ်တယ်ဆိုတဲ့ဟာကို ကျနော်တို့ အင်ဂျင်နီယာပိုင်းကျတော့ တော်တော်များများက တီးမိခေါက်မိတာကိုး။ ဒါပေမဲ့ ချီးကျူးစရာကောင်းတာ တခုကတော့ မထင်မှတ်တဲ့ အရွေ့တခုက တော်တော်ကြီး မြန်မြန်ဆန်ဆန် ဖြစ်သွားတယ်ဗျ။ ၃ နှစ်လောက်အတွင်းမှာပေါ့နော်။ ဘာကြောင့် ဖြစ်သွားလဲဆိုတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပေါ့။ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို ရလိုက်တဲ့အချိန်မှာ အဖွဲ့အစည်းတခုဟာ ရှေ့ကို ဝုန်းဝုန်းဝုန်းဆို ရှေ့ကို တိုးပြီးတော့ တက်လာတယ်ဗျ။ အဲဒီအချိန်မှာမှ ဘာတွေပါ ဖြစ်လာလဲဆိုတော့ နယ်မြေသိမ်း တိုက်ပွဲတွေရော ဘာတွေရော မြို့သိမ်းတိုက်ပွဲတွေရော ဖြစ်လာတယ်ဗျ။ ဘာကြောင့် ဖြစ်လာလဲဆိုတော့ အကုန်လုံးနဲ့ ဟန်ချက်ညီညီပေါ့ဗျာ” လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေကို သူ့အနေနဲ့ တခါမှ မတွေးထားခဲ့ဘူးသလို ဟန်ချက်ညီညီ ဆက်သွားမယ်ဆိုရင် တော်လှန်ရေးဟာ ၂ နှစ်မကြာဘူးလို့လည်း ဆက်ပြောပါတယ်။
“တိုင်းရင်းသား အဖွဲ့အစည်းတွေရော အကုန်လုံးနဲ့ ပေါင်းလိုက်ပြီးတော့ ညီညီညွတ်ညွတ် နွှဲလိုက်တဲ့အချိန်မှာ မထင်မှတ်တဲ့ အရွေ့တွေ ဖြစ်လာတယ်ဗျ။ အဲ မထင်မှတ်တဲ့ အရွေ့တွေကနေ တခါမှ မမျှော်မှန်းလောက်ဘူးပေါ့နော်။ ဒီရှမ်းမြောက် ဒေသကြီး တခုလုံးကို ၁ လခွဲ ၂ လလောက်အတွင်းမှာ ဝုန်းဝုန်းဆို ဖြစ်သွားမဲ့ အနေအထား တခုကို တခါမှတော့ မတွေးမိဘူးဗျ။ တပ်တွေ အစုလိုက်အပြုံလိုက် လက်နက်ချတာမျိုး ကျနော် တခါမှ မတွေးမိဘူးပေါ့နော်။
ဒီနှုန်းအတိုင်း ဆက်သွားမယ်ဆိုလို့ရှိရင်တော့ သိပ်မကြာတော့ဘူးဗျ။ အလွန်ဆုံး ၂ နှစ်လောက်အ တွင်းမှာတော့ အပြောင်းအလဲတခု ဖြစ်မယ်လို့တော့ ထင်တယ်။ အလွန်ဆုံးပေါ့ ၂ နှစ်လောက်ပေါ့။ ဒီထက် ပိုကြိုးစားပြီးတော့ ဒီထက်ပိုပြီးတော့ စုစည်းညီညာမှုတို့ ဟန်ချက်ညီမှုတို့၊ ဟန်ချက်ညီမှု ဆိုတာဗျာ ဒီဘက်က တိုက်တယ်၊ ဒီဘက်က ပန်းနေပြီ။ ဒီဘက်ကို ခဏအနားပေးလိုက်ဦးမယ်၊ ငါတို့ ဒီဘက်ကလှည့်ပြီးတော့ နွှဲလိုက်ဦးမယ်။ အဲလိုပုံစံမျိုးဆိုရင်တော့ အရမ်းကြီး မကြာဘူးလို့ ထင်တယ်ဗျ။ အဓိကကတော့ ဟန်ချက်ညီညီနဲ့ တိုင်ပင် ခေါ်ပေးဖို့ လိုတာပေါ့။ တနေရာတည်းက တိုင်ပင်ခေါ်ပေးပြီး ဘယ်အဖွဲ့ လှုပ်မယ်ဟေ့ ချကြ။ ခဏနားလိုက်ကြ။ ဘယ်အဖွဲ့ လှုပ်မယ်ဟေ့ ချကြ။ ခဏနားလိုက်ကြ။ အဲဒါမျိုးဆိုရင်တော့ ဒီထက်ပိုပြီး မြန်မယ်လို့တော့ ထင်တယ်ဗျ။ ၂ နှစ် မကြာလောက်ဘူးတော့ ထင်တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း တပ်တွင်းမှာ မမျှတတဲ့ အကြောင်းတွေနဲ့ အသက်ရှင် ရပ်တည်နိုင်အောင် ကြိုးစားကြဖို့၊ ပြည်သူတွေအနေနဲ့လည်း မကြာခင် တိုက်ပွဲလှိုင်းတွေ လာတော့မှာဖြစ်လို့ စစ်ပွဲရဲ့ သဘောသဘာဝတွေကို နားလည်အောင်လုပ်ပြီး အသက်ရှင် ရပ်တည်နိုင်အောင် ကြိုးစားကြဖို့ သူက တိုက်တွန်းထားပါတယ်။
သူ့အနေနဲ့တော့ စစ်ဆင်ရေးအတွေ့အကြုံ သိပ်မရှိတဲ့အတွက် ပြည်သူတွေအပေါ် စစ်တပ်က ရာဇဝတ်မှု ကျူးလွန်တာတွေကို ကြားဖူးတာလောက်ပဲရှိပြီး အဲဒီရာဇဝတ်မှုတွေအတွက် တောင်းပန်တယ်လို့လည်း ပြောဆိုထားပါတယ်။
ပြီးတော့ သူ့အတွက်လည်း သူ့မိသားစုတွေ စိတ်မပူကြဖို့နဲ့ ၂ နှစ်အတွင်း ပြန်လာနိုင်မယ်လို့လည်း ပြောပါတယ်။