Home
မြန်မာသတင်း
မအူပင်တွင်  ရွာအုပ်ချုပ်ရေးမှူးများကခေါ်သည့် အစည်းအဝေးမတက်က ဒဏ်ရိုက်
DVB
·
January 20, 2024
Mau 2012024

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက သူတို့ခေါ်တဲ့ အစည်းအဝေးမတက်ရင် ဒဏ်ကြေးဆိုပြီး ခေါင်းစဉ်တပ် ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “အစည်းအဝေးကိုတက်ဖို့ ရာအိမ်မှူးတွေက အိမ်တိုင်ရာရောက် လာပြောတာ။ အစည်းအဝေးမတက်ရင် ၅,၀၀၀ ပေးရမယ်။ ၁၀,၀၀၀ ပေးရမယ် တခါတည်းပြောသွားတာ။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး တော်တော်ခေါ်တာ။ အစည်းအဝေးတက်တော့လည်း ထူးထူးခြားခြား ဘာကိစ္စမပါဘူး။ အလုပ်ပျက် အကိုင်ပျက်တာပဲ ရှိတယ်။ ဓာတ်ပြားအဟောင်းတွေခေါ်ဖွင့်ပြတာ။ ပြည်သူတွေတိုးတက်ရာ တိုးတက်ကြောင်း တခုလေးမှမပါဘူး။ မနက် ၈ နာရီ ကတည်းကခေါ်တာ ညနေ ၃ နာရီလောက်အထိ ပြောတော့တာပဲ။ အုပ်ချုပ်ရေးမှူးက တလှည့်၊ ရပ်မိရပ်ဖဆိုသူက တလှည့် ကျေးရွာပြည်သူ့စစ် ခေါင်းဆောင်ဆိုသူက တလှည့်။ အလှည့်ကျကို ပြောတာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဟာ ၇ ရက်တပတ်မှာ ၂ ကြိမ် လောက် အစည်းအဝေးခေါ်ပြီး အထက်ကအမိန့်အရ ရပ်ရွာလုံခြုံရေးမှာ ပါဝင်ပူးပေါင်းဖို့၊ အကြမ်းဖက်သမားတွေ လက်မခံဖို့၊ ဧည့်သည်လာရင် ဧည့်စာရင်းတိုင်ဖို့၊ မဖြစ်မနေ ဘဏ်ချေးငွေ အကြွေးကျန် ပြန်ဆပ်ဖို့၊ နေကြာစိုက်ဖို့၊ စစ်တပ်က ထုတ်တဲ့ ထုတ်ကုန်တွေကို သုံးစွဲဖို့ စတဲ့ အကြောင်းအရာတွေကိုပဲ ပြောဆိုတာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို အစည်းအဝေး မကြာခဏ ခေါ်ပြောဆိုမှုတွေကြောင့် တချို့ အလုပ်နဲ့ မအားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆိုရင် နေ့စားငှားပြီး အစည်းအဝေး တက်ခိုင်းရတဲ့ အခြေအနေအထိ ဖြစ်လာပြီး ပိုက်ဆံမပေးနိုင်တဲ့သူတွေကတော့ အလုပ်ပျက်ခံပြီး အစည်းအဝေး တက်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024