Home
မြန်မာသတင်း
ကန်ကြီးထောင့်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ
DVB
·
January 20, 2024
NLD 2012024

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းကို ဇန်နဝါရီ ၁၈ ရက် ညပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိမ်းရှောင်နေရသူဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်နေ့က မြင်းကဆိပ်ကျေးရွာက သူ့ရဲ့ အိမ်ကို ပြန်လာတုန်း ဖမ်းဆီးခံရတာလို့ တိုင်း ကိုယ်စားလှယ်တယောက်က ပြောပါတယ်။

“သူ က တော်လှန်ရေးလုပ်ငန်းတွေမှာ ပါဝင်တာမရှိတော့ အဆက်အသွယ်မရဘူး။ အခု အိမ်မှာ ဖမ်းမိတယ်ကြားတယ်။ သူတို့ အမှုတပ်ထားတာကို ဘာလို့ အိမ်ပြန်တာ မသိဘူး” လို့  ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကန်ကြီးထောင့်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အပါအဝင် တိုင်း လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၀၂၁ ခုနှစ် ကတည်းက စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တယောက်ကလည်း “ကိုစိုးမိုးထွန်းက အစည်းအဝေးတွေ ချိတ်ဆက်တက်တာမျိုး မရှိဘူး။ တိုင်း CRPH လုပ်တယ်။ အစည်းအဝေးတွေ တက်တာမျိုး မရှိဘူး” လို့ ပြောပါတယ်။

ဦးစိုးမိုးထွန်းကို စစ်ကောင်စီက ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတယောက်ဆီက သိရပါတယ်။

ဧရာဝတီတိုင်း‌တွင် သာပေါင်း၊ ပုသိမ်၊ ပန်းတနော်၊ ငပုတောနဲ့ ကန်ကြီးထောင့် မြို့နယ်တို့က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၁ ယောက်နဲ့ တိုင်း ကိုယ်စားလှယ် ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

စစ်ကောင်စီဆီမှာ ဝန်ခံလက်မှတ်ရေးထိုးထားတဲ့ ငပုတောမြို့နယ် တိုင်း ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ပုသိမ်ခရိုင်တရားရုံးက ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024