တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား လူမှုဖူလုံရေးအဖွဲ့ဟာ သူတို့ရတဲ့ ဆုငွေ ကျပ်သိန်း ၅၀ ကျော်ကို မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေအတွက် ပြန်လည်လှူဒါန်းလိုက်တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာဟာ ဒီနှစ်အတွက် ဂိုမီအဲ လူမှုအကျိုးဆောင်ဆု ရွေးချယ်ချီးမြှင့်ခံရတာဖြစ်ပြီး ဆုနဲ့အတူ ဆုကြေးငွေ ဝမ်သိန်း ၂၀(ကျပ် ၅၁ သိန်း) ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရရှိတဲ့ဆုငွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တဆင့် ဆန်ရိက္ခာ အရေးတကြီး လိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ လှူဒါန်းခဲ့တာလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စင်တာဦးဆောင်သူတယောက်က “ကွယ်လွန်သူ ဆရာမ ဂိုမီအဲက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြည့်ဝတဲ့ ကျန်းမာတဲ့ နယ်စည်းမခြား လူ့အသိုက်အဝန်း ဖြစ်စေရေးအတွက် ကြိုးစားအားထုတ်ခဲ့သူတယောက် ဖြစ်တာကြောင့် မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် မိမိ အသက်အိုးအိမ်စည်းစိမ်ကို အပျက်စီးခံ ပြာကျခံပြီး ပူးပေါင်း ပါဝင်ပေးနေကြတဲ့ စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းခြင်းဟာ ဆရာမဂိုမီအဲရဲ့ ဆန္ဒကို ဆက်လက်အကောင်အထည်ဖော်ရာရောက်လို့ ရရှိတဲ့ဆုကြေးငွေတွေကို စစ်ရှောင် ပြည်သူတွေအတွက် လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဒီမိုကရေစီအရေး၊ အလုပ်သမားအရေး၊ အိမ်ယာမဲ့တွေအရေး၊ ချို့တဲ့မိဘတွေရဲ့ ကလေးတွေ အခမဲ့ပညာသင်ကြားရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ရင်း အသက် ၂၈ နှစ်အရွယ်မှာ မတော်တဆဖြစ် ကွယ်လွန်ခဲ့တဲ့ ဆေးဝါးတက္ကသိုလ် ကျောင်းသားခေါင်းဆောင် မစ္စဂိုမီအဲကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ မိတ်ဆွေဆေးဝါးပညာရှင်တွေက လူမှုအသိုင်းအဝန်းတွင်း အင်အားနည်းသူတွေအရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကို ရွေးချယ်ပြီး နှစ်စဉ်ဆု ချီးမြှင့်ပေးနေတာဖြစ်ပါတယ်။
၈ ကြိမ်မြောက် ဂိုမီအဲဆုချီးမြှင့်ပွဲကို အခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၆ နာရီက ဘူချွန်းမြို့တော်ခန်းမဆောင်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာဟာ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ လုပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး အလုပ်သမားအရေးကိစ္စနဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။