မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ ဒေသတွင်းပြဿနာဖြစ်ပြီး လက်တင်အမေရိက အစိုးရတွေဟာ ဒါကို စည်းစည်းလုံးလုံး တိုက်ဖျက်သင့်တယ်လို့ အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာက ဇန်နဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
“ဒီမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြဿနာဟာ ကိုလံဘီယာ သာမက ဒေသတွင်းမှာ ထိန်းမနိုင်သိမ်း မရအောင် ကြီးထွားလာနေတာကြောင့် ဒါကို တိုက်ဖျက်ဖို့ အတူလုပ်ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ ဒါဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာပါ”လို့ သမ္မတ နိုဘိုအာက ကိုလံဘီယာ သတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။
မူးယစ်ဆေးဝါး ထုတ်ကုန်တွေကို သုံးစွဲမှုဟာ အမေရိကန်၊ ဥရောပတို့မှာဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အီကွေဒေါအကျဉ်းထောင်တွေရှိ နိုင်ငံခြားအကျဉ်းသားတွေကို သူ့နိုင်ငံကနေ လွှဲပြောင်း ပေးသွားဖို့ လုပ်ဆောင်မယ်လို့လည်း နိုဘိုအာက ပြောပါတယ်။
အီကွေဒေါအကျဉ်းထောင်တွေမှာ လူပေါင်း ၃ ထောင်ကျော် ပြည့်လျှံနေတာဖြစ်ပြီး ဒီနေ့မှာ အကျဉ်းသား ပမာဏကို ထိန်းမနိုင်တော့တဲ့အပြင် နိုင်ငံတော်က ကလေးတွေအတွက် ကျောင်းက မနက်စာထက် နိုင်ငံခြား အကျဉ်းသားတွေအတွက် ပိုက်ဆံ ပိုသုံးနေရတယ် လို့ ဆိုပါတယ်။
နိုင်ငံတွေအကြားမှာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ဟောင်း ရှိထားပြီးတော့ အီကွေဒေါ ဥပဒေမှာလည်း ထောင်ဒဏ် ၅ နှစ်နဲ့အထက်ရှိတဲ့ ဘယ်နိုင်ငံခြားသား အကျဉ်းသား မဆို သူ့နိုင်ငံကို ပြန်နိုင်တယ်လို့ ပါရှိကြောင်းလည်း သမ္မတ နိုဘိုအာက ပြောပါတယ်။
Source/Photo - Reuters