အိန္ဒိယနဲ့ တရုတ်နယ်စပ်က အခြေအနေတွေဟာ နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် မှုကို မထိခိုက်စေသင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
နှစ်နိုင်ငံနယ်စပ် ဆက်ပြီး ငြိမ်းချမ်းနေရင် အိန္ဒိယဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ် တင်းကြပ်ထားရာက ပိုမိုစိစစ်ဖြေလျှော့ပေးနိုင်လိမ့်မယ်လို့ အိန္ဒိယ ထိပ်တန်းစက်မှု မူဝါဒဗျူရိုကရက် ရာဂျက်ရှ် ကူမားဆင်းဂ်က ပြောခဲ့တာပါ။
အဲဒီနောက် တရုတ်မြို့တော် ဘေဂျင်းမြို့က နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မော်နင် က ခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
“တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကို အိန္ဒိယက အပြည့်အဝ နားလည်သဘောပေါက်ဖို့ တရုတ်က မျှော်လင့်တယ်၊ အိန္ဒိယဟာ တရုတ် ကုမ္ပဏီတွေအတွက် တရားမျှတ၊ ပွင့်လင်းမြင်သာပြီး ခွဲခြားမှုကင်းတဲ့ ပတ်ဝန်းကျင်ကို ပံ့ပိုးပေးဖို့ မျှော်လင့်တယ်”လို့လည်း မော်နင်က ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက်နေပေမယ့် အိန္ဒိယနှင့် တရုတ်တပ်တွေ ၂၀၂၂ ခုနှစ်က ၂ ကြိမ် တိုက်ပွဲဖြစ်ခဲ့တာပါ။
၂၀၂၀ တုန်းက အိန္ဒိယစစ်သည် အယောက် ၂၀ နဲ့ တရုတ်စစ်သည် ၄ယောက် သေဆုံးခဲ့ရတဲ့ လာဒက်နယ်စပ် ပဋိပက္ခရဲ့ အသေးစိတ် အချက်အလက်တွေလည်း ဒီသီတင်းပတ်ထဲမှာ ကျင်းပတဲ့ အိန္ဒိယစစ်တပ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ အထူးတာဝန် အပ်နှင်းခြင်း အခမ်းအနားအတွင်း ပေါ်ထွက်လာခဲ့ပါတယ်။
အသေးစိတ်အချက်တွေထဲမှာ အိန္ဒိယစစ်တပ် စခန်း ၂ ခုထက်မနည်းကို တရုတ်တပ်တွေက အကြမ်းဖက်ဖယ်ရှားဖို့ ဘယ်လိုကြိုးစား ခဲ့တယ်ဆိုတာကို ဖော်ပြ ထားပါတယ်။
၁၉၆၂ခုနှစ်တုန်းက နယ်စပ်ဖြတ်ကျော် စစ်ပွဲကို ဆင်နွှဲခဲ့ဖူးတဲ့ တရုတ်နဲ့ အိန္ဒိယ အစိုးရတွေဟာ ပဋိပက္ခကို ဖြေရှင်းဖို့ သံတမန်ရေးရာနဲ့ စစ်ရေးအရ ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ခဲ့ ပါတယ်။
Source/Photo - Reuters