အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ပါလက်စတိုင်းတွေအတွက် လွတ်လပ်တဲ့နိုင်ငံတခု ထူထောင်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေအကြောင်း အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ဆွေးနွေးခဲ့ကြောင်း ဇန်နဝါရီ ၁၉ ရက်မှာ ပြောကြားလိုက်ပြီး နိုင်ငံတိုင်းမှာ သူတို့ ကိုယ်ပိုင်စစ်တပ်တွေ ရှိနေကြတာ မဟုတ်ကြောင်းလည်း မှတ်ချက်ပြုပါတယ်။
နေတန်ယာဟုကို ဘိုင်ဒန်ရဲ့ ဖုန်းခေါ်ဆို စကားပြောခြင်းဟာ တလနီးပါးအတွင်း ပထမဆုံး ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး ဆွေးနွေးမှုတွေဟာ အစ္စရေးရဲ့ ဂါဇာမှာ ဆက်လက် တိုက်ခိုက်မှုတွေကို အလေးပေးခဲ့ကြတာလို့လည်း ဆိုပါတယ်။
အမေရိကန်မြို့တော်ဝန်တွေနဲ့ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဘိုင်ဒန်ကို နေတန်ယာဟု ရာထူးရှိနေချိန်အတွင်း နိုင်ငံ ၂ ခု ထူထောင်ဖို့က ဖြစ်နိုင် မဖြစ်နိုင် မေးမြန်း ကြည့်ရာမှာ “ဘိုင်ဒန်က မဖြစ်နိုင်ဘူး ဆိုတာတော့ မဟုတ်ဘူး၊ နိုင်ငံ ၂ ခုနဲ့ပတ်သက်တဲ့ ဖြေရှင်းချက် အမျိုးအစား အများအပြားရှိကြောင်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထဲမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် စစ်တပ်တွေ မရှိသေးတဲ့ နိုင်ငံတွေ အများကြီးရှိတယ်”လို့ ပြောကြားပါတယ်။
နေတန်ယာဟုကလည်း ၂ နိုင်ငံ ထူထောင်မှု ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ဆန့်ကျင်ဖက်တော့ မပြောထားဘူးလို့လည်း ဘိုင်ဒန်က ဆိုပါတယ်။
ဘိုင်ဒင်နဲ့ နေတန်ယာဟုတို့ဟာ ဟားမတ်စ်တွေ ဖမ်းဆီးထားဆဲ ကျန်ရှိဓားစာခံတွေ ဘေးကင်းအောင် ကြိုးပမ်းဖို့တွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမို ရရှိလာစေဖို့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ပိုပြီးပစ်မှတ်တိကျတဲ့ စစ်ဆင်ရေးတွေကို လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူတွေအတွက် ဂျုံမှုန့်တွေ တင်ပို့ရောင်းချခွင့်ပြုတဲ့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘိုင်ဒန်က ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇန်နဝါရီ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေ ကို ပြောပါတယ်။
Source/Photo - Reuters