Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်ပြဿနာများကို စနစ်တကျစီမံခန့်ခွဲရန် တရုတ်နှင့် ဖိလစ်ပိုင် သဘောတူ
DVB
·
January 20, 2024
National flags are placed outside a room where Philippine Finance Secretary Carlos Dominguez and China's Commerce Minister Gao Hucheng address reporters after their meeting in Beijing

တရုတ်နဲ့ ဖိလစ်ပိုင်အစိုးရတွေဟာ ရေကြောင်းဆက်သွယ်ရေး မြှင့်တင်ဖို့နဲ့ တောင်တရုတ် ပင်လယ် တဝိုက်က ပြဿနာတွေနဲ့ ပတ်သက်ပြီး ချစ်ကြည်ရင်းနှီးမှု ရှိရှိ ဆွေးနွေးရင်း ပဋိပက္ခတွေနဲ့ ကွဲလွဲမှု တွေကို စနစ်တကျ စီမံခန့်ခွဲဖို့ သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နုံရုံနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်ထောက် နိုင်ငံခြားရေး၀န်ကြီး ထရီဇာလာဇာရိုတို့ဟာ တောင်တရုတ် ပင်လယ်ဆိုင်ရာ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ညှိနှိုင်းရေး ယန္တရားအတွက် အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ရှန်ဟိုင်းမြို့မှာ ကျင်းပ ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြရင်း အခြေအနေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်း လင်း နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ဇန်နဝါရီ ၁၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲကို တင်ဆောင်လာတဲ့ သင်္ဘောကို တရုတ်သင်္ဘောက ပြီးခဲ့တဲ့လက အတင်းဝင်တိုက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

စီးပွားရေးအရ ဗျူဟာမြောက် ရေလမ်းကြောင်းမှာ ကုန်သွယ်ရေး ပဋိပက္ခ ဖြစ်စေတယ်လို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲချက်တွေနဲ့အတူ မကြာသေးမီက တရုတ်နဲ့ ဖိလစ်ပိုင်ကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ 

ဒါ့အပြင် ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်က လူလုပ်ကျွန်း တည်ဆောက်ပြီး စစ်တပ်ကို တာဝန်ချမယ့် သတင်းနဲ့ အမေရိကန်က ဖိလစ်ပိုင်မှာ လောင်စာဆီ တွေ ပမာဏ အများအပြား သိုလှောင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ဒါ့အပြင် ဖိလစ်ပိုင်ဟာ ဂျပန်နဲ့ အပြန်အလှန် တပ်စခန်း ထားရှိရေး သဘောတူညီချက်အတွက် ဆွေးနွေးနေသလို ကနေဒါနဲ့လည်း ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရေနံကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အတွင်း စွမ်းအင်ရှာဖွေရေး လုပ်ငန်း တွေ ဆောင်ရွက်ဖို့ ဖိလစ်ပိုင် အစိုးရက စီစဉ်နေပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024