ဧရာဝတီတိုင်း၊ ပန်းတနော်-အိမ်မဲ ကားလမ်းဘေးက ပြည်သူတွေရဲ့ နေအိမ်တွေဟာ ကျူးကျော်တွေဖြစ်လို့ ချက်ချင်းဖျက်ဖို့ စစ်ကောင်စီက ခိုင်းနေပြီး မဖျက်ပေးရင်ဘူဒိုဇာနဲ့ ထိုးဖျက်ပစ်မယ်လို့ သတိပေးလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဒီလမ်းရဲ့ဘေးမှာ နေလာတာဖြင့် ကြာပါပြီ။ အခုမှ ကျူးလို့ခေါင်းစဉ်တပ် လာဖျက်ခိုင်းတာ။ ရဲတွေနဲ့ စစ်သားတွေက ကွင်းဆင်းပြီး တော့ ပါးစပ်နဲ့လည်း လာပြောတယ်။ စည်ပင်ကလားမသိဘူး စာနဲ့လည်း သတိလာပေးတယ်။ ဖျက်ခိုင်းတော့လည်း မနက်ကို ချက်ချင်းဖျက်ပေးပါတဲ့။ မဖျက်ပေးရင် ဘူဒိုဇာနဲ့လာ ထိုးဖျက်ရ လိမ့်မယ်တဲ့။ ချက်ချင်းကြီးဆိုတော့ ဖျက်ပေးလို့ဘယ်လို ဖျက်ရမလဲ။ မတတ်သာလို့ ဒီအတိုင်းပဲ ထိုင်နေတယ်။ လာဖျက်တော့လည်း ဘာတတ်နိုင်မလဲ။ ကျမတို့က အင်အားနည်းတာကိုး” လို့ ပြောပါတယ်။
အဲဒီ ကားလမ်းဘေးတွေမှာ အခြေခံလူတန်းစားတွေရဲ့နေအိမ် အနည်းဆုံး ၃,၀၀၀ ကျော်လောက်ရှိနေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက နေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းဘေးမှာနေတဲ့ အခြေခံအိမ်ထောင်စုတွေက ကုန်ခြောက်ရောင်းတာ၊ လက်ဖက်ရည်ရောင်းတာ၊ စားသောက်စရာရောင်းတာ၊ ဓာတ်ဆီရောင်းတာ၊ မုန့်ဟင်းခါး ရောင်းတာနဲ့ ကွမ်းယာရောင်းတာ၊ လေထိုးကျွတ်ဖာလုပ်တာ စတဲ့ အလုပ်တွေကို လုပ်ကိုင် စားသောက်နေကြတာလို့ သိရပါတယ်။
ဒေသခံတယောက်ကလည်း “အဲနေရာမှာနေပြီး လုပ်ကိုင်စားသောက်နေတာပါ။ မြို့နဲ့ အရမ်း နီးတော့ အလုပ်လေး အဆင်ပြေတာရယ်၊ နေစရာ မြေမရှိတာကြောင့် နေနေရတာပါ။ ဒီနှစ် အလုပ်တွေလည်း သိပ်အဆင်မပြေဖြစ်နေတာ။ အခုလို အိမ်တွေကို အားချင်း လာဖျက်ခိုင်းတော့ ခေါင်းမီးတောက်နေတယ်။ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ မိသားစုလိုက် အခက်အခဲရှိနေလို့ နေပါရစေပြောတာ မရဘူး။ အမြန်ဆုံး ပြောင်းရင်ပြောင်း၊ မပြောင်းရင် အင်အားသုံး ဖျက်မယ် လို့ ပြောတယ်” လို့ ပြောပါတယ်။
အဲဒီ ပန်းတနော်နဲ့ အိမ်မဲ ကားလမ်းဘေးမှာ အိမ်ဆောက် နေထိုင်သူတွေဟာ အရင် NLD ပါတီ အရပ်သားအစိုးရက လမ်းတွေတိုးချဲ့ပြင်ဆင်ဖို့အတွက် လာစစ်ဆေးတဲ့အခါ ကား လမ်းနဲ့ ဝေးပြီး အဲဒီဒေသခံတွေလည်း နေလာတာကြာပြီဖြစ်တာကြောင့် ဆက်လက် နေထိုင်ခွင့်ပြုထားတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလလည်း ရန်ကုန်နဲ့ မအူပင်ကားလမ်းဘေးက အိမ်တွေနဲ့ အဆောက်အဦတွေကို အတင်းအဓမ္မဖျက်ခိုင်းတာကြောင့် ဖျက်ပေးခဲ့ရ သေးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက် အရသိရပါတယ်။