မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးဟောင်းတယောက် မနေ့ ညနေပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က သူ့ရဲ့မြေးကို ကျောင်းလာကြိုတဲ့အချိန် အ.ထ.က
မုပ္ပလင်ကျောင်းနားမှာ သေနတ်သမား ၂ ယောက်က လက်နက်ငယ်နဲ့ ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “သေတဲ့သူက စျေးတန်းရပ်ကွက်က ဦးတင်အေး(ခေါ်) ပြူးကျယ်လို့ ခေါ်တယ်။ သူက ရွာမှာ သူ့အဖွဲ့ ရှိတယ်။ ပျူလိုလို ဘာလိုလိုပေါ့။ ဘယ်သူသတ်သွားမှန်းတော့
မသိဘူး” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၇၅ နှစ်အရွယ်ဖြစ်ပြီး သေနတ်နဲ့ ၅ ချက်လောက် ပစ်ခတ်ခံရလို့ နောက်ကျောမှာဖောက်ဝင် ဒဏ်ရာ ၄ ချက်နဲ့ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး သေနတ်သမားတွေကတော့ သိမ်ဇရပ်မြို့နယ်ဘက်ကို ထွက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သေနတ်သမား ၂ ယောက်က ဦးတင်အေးရဲ့ ဆိုင်ကယ်နောက်ကလိုက်လာပြီး ပစ်သွားတာပါ။ အားလုံး ၅ ချက်ပစ်သွားတာ။ သူ့မြေးမလေးကို နေ့တိုင်း ကျောင်းလာကြိုနေကျပါ။ ဘယ်အဖွဲ့က ပစ်လဲဆိုတာတော့ သေချာမသိဘူးဗျ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ကလည်း မုပ္ပလင်ကျေးရွာ၊ ဈေးပိုင်းမှာ သေနတ်သမား ၂ ယောက်ကပစ်ခတ်လို့ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။