ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ရှိ၊ မြို့မစျေးမှာ ဇန်နဝါရီ ၁၉ ရက် မနေ့ညကမ မီးလောင်မှုဖြစ်ပြီး စျေးတခုလုံးနီးပါး မီးလောင်ကျွမ်း ပျက်စီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မနေ့ည ၇ နာရီခွဲလောက်က စတင်ပြီး ည ၉ နာရီလောက်အထိ မီးလောင်ခဲ့တာဖြစ်ပြီး မီးလာငြှိမ်းသတ်သူ မရှိတဲ့အတွက် တဈေးလုံးနီးပါး ဆိုင်ခန်းတွေမီးထဲပါသွားတာလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
" ညနေက လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်၊ အဲ့ဒါပြီးတော့ စျေးမီးလောင်တာ၊ အကုန်လုံးပြာကျ ကုန်ပြီလို့ပြောတယ်။ မီးသတ်ကားတွေလည်း မလာနိုင်ဘူး။ မီးငြိမ်းသူလည်းမရှိဘူး။”
မိုးမိတ်မြို့မစျေး မီးလောင်ရတဲ့ အကြောင်းရင်းဟာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့်လား တခြား အကြောင်းကြောင့်လားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
မိုးမိတ်မြို့မှာ ဇန်နဝါရီ ၁၈ ရက်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဇန်နဝါရီ ၁၉ ရက် အထိ မြို့ပေါ်ရပ်ကွက်လေးခုမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးမိတ်မြို့ခံတဦးက "တိုက်ပွဲကတော့ အခြေအနေ တော်တော်ဆိုးပါတယ်။ နှစ်ဖက် တဖက်ကမှ အလျှော့မပေးဘူး။ အနီရောင်အဆင့်လို့ သတ်မှတ်လို့ရပါတယ်။ ဒေသခံတွေတော့ ပိတ်မိနေသူတွေလည်းရှိတယ်”လို့ ပြောပါတယ်။
မိုးမိတ်တိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက် သတင်းထုတ်ပြန်တာမရှိသေးသလို မိုးမိတ်မြို့မှာ တိုက်ပွဲ ဖြစ်ပွားနေစဥ်အတွင်း ပြည်သူ ၃ ဦး ထိမှန်သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။