ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လုံဖနီလက်ဝှေ့ရုံမှာ ဇန်နဝါရီ ၁၉ ရက်ညက ကျင်းပခဲ့တဲ့ ONE Friday Fights 48 လက်ဝှေ့ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု မွေ့ထိုင်းလက်ဝှေ့သမား ထွန်းမင်းနိုင်(SULAIMAN)ဟာ မလေးရှားဖိုက်တာ ကာဘီလန် ဂျီလီဗန် ( KABILLAN JELEVAN )ကို အမှတ်နဲ့ ဒုတိယအကြိမ် ထပ်မံ ရှုံးနိမ့်သွားပါတယ်။
အဲ့ဒီပွဲစဉ်တွေမှာ MMA နဲ့ မွေ့ထိုင်းလက်ဝှေ့ပွဲ စုစုပေါင်း တွဲဆိုင်း ၁၁ ဆိုင်းအထိ ပါဝင်တာဖြစ်ပြီး ထွန်းမင်းနိုင်ဟာ ဒုတိယမြောက် တွဲဆိုင်း ဖလိတ်ဝိတ်တန်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ထွန်းမင်းနိုင်ဟာ ကစားသမားသက်တမ်းတလျှောက် ၁၆ ပွဲထိုး၊ ၄ ပွဲရှုံးနိမ့်ရလဒ် ရရှိထားပြီး အသက် ၂၄ အရွယ် ကာဘီလန်ဟာ ၂၆ ပွဲထိုး၊ ၄ ပွဲရှုံးရလဒ်ရရှိထားသူ ဖြစ်ပါတယ်။
မွေ့ထိုင်းပွဲကို ၃ မိနစ် ၃ ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး ပထမအချီ အချေအတင်ထိုးသတ်ခဲ့ကြပေမဲ့ ဒုတိယအချီ ၁ မိနစ်ခွဲလောက်မှာ ပြိုင်ဘက် မလေးဖိုက်တာရဲ့ ညာဝိုက်လက်သီးထိမှန်လို့ လဲကျသွားတဲ့ ထွန်းမင်းနိုင်ကို ဒိုင်က အမှတ်စဉ်ရေတွက်ခဲ့ရပါတယ်။
တတိယအချီမှာ ဒူးတိုက်ချက်၊ ခြေကန်ချက် တံတောင်ရိုက်ချက်တွေနဲ့ အပြန်အလှန် ထိုးသတ်ခဲ့ကြပြီး ပွဲပြီးဆုံးချိန်မှာ မလေးဖိုက်တာ ကာဘီလန် ဂျီလီဗန်က ဒိုင်အမှတ်နဲ့ အနိုင်ရရှိသွားပါတယ်။
၂၀၂၃ ဇူလိုင် ၁၄ ရက် ည ၇ နာရီအချိန်က ကျင်းပခဲ့တဲ့ One Friday Night 25 ပွဲစဉ်မှာလည်း ထွန်းမင်းနိုင်နဲ့ မလေးရှားလက်ဝှေ့သမား ကာဘီလန်ဂျီလီဗန်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ပထမအချီမှာပဲ ထွန်းမင်းနိုင် အလဲထိုးခံရကာ ရှုံးနိမ့်ခဲ့ပါသေးတယ်။
ဓာတ်ပုံ - One Championship