Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ
DVB
·
January 19, 2024
Beilin city_19012024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု တက်တူကုန်းနဲ့ ကဒီဗုကျေးရွာအတွင်းကို စစ်ကောင်စီအမြောက်တပ်တွေက လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး  ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီလောက်က စစ်ကောင်စီရဲ့ ဘီးလင်းအခြေစိုက် ၃၁၄ အမတ နဲ့ အင်းရှည်အခြေစိုက်  ၄၀၂ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တက်တူကုန်းရွာနေ ဒေါ်နော်မူ (၄၉ နှစ်)၊ မစန္ဒာ (၂၂ နှစ်)နဲ့ ကြက်ခြေခတ်ရွာနေ နော်ကော်လာမူတို့ဟာ လက်နက်ကြီးစထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

ဒ့ါအပြင် ဒေါက်ရပ်ရွာနေ ဒေါ်တောသား (၄၆ နှစ်)၊ တက်တူကုန်းရွာဒေသခံ မောင်ရဲရင့်နောင် (၂ နှစ်)၊ ဒေါ်ခင်သန်း၊ မဝါဝါသင်း (၂၆ နှစ်)၊ ကဒီဗုရွာနေ စောမျိုးဇော် (၄၃ နှစ်) တို့ဟာ ပြင်းထန်ဒဏ်ရာတွေရှိခဲ့ပြီး ဒေါ်ခင်ဝင်းလှိုင် (၄၀ နှစ်) နဲ့ အမည်မသိခရီးသွားတဦးတို့ မစိုးရိမ် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်နေရပြီး လုပ်ကိုင်စားသောက်ရာမှာလည်း ကျပ်တည်းလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဒေသခံတွေက အခု စိုးရိမ်ကြောက်လန့်နေရတယ်။ သူတို့ကားတန်း တက်ပြီဆိုရင် ပြည်သူတွေသွားလာတာကို  PDF ဆိုပြီး ပစ်ချင်ရင် ပစ်ထည့်လိုက်တယ်။ အဲလိုမျိုးဆိုတော့ သွားရေးလာရေးမှာ ခက်ခဲသလို လုပ်ကိုင်စားသောက်ရာမှာလည်း ကျပ်တည်းလာတယ်။ ခရီးသွားလာမယ်ဆိုရင်လည်း ကြောက်စိတ်နဲ့ ကြည့်ပြီးတော့ သွားနေရတယ်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက် မနက် ၁၁ နာရီခွဲကလည်း သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာကို စစ်ကောင်စီရဲ့ ခမရ ၉ တပ်ရင်းကနေ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲတာကြောင့် ဈေးဝယ်ပြန်လာတဲ့ လင်မယား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024