မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော် (သု၀ဏ္ဏဝတီ) မြို့၊ မိုးကောင်းကျေးရွာအုပ်စုမှာရှိတဲ့ ပုတိမ်ရိုးကျေးရွာမှာ အမျိုးသားတဦးကို ဇန်နဝါရီ ၁၈ ရက် ညက ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားလက်မှတ်ရောင်းတဲ့ အသက် ၄၀ အရွယ် ကိုမျိုးမင်းဟာ ကျိုက္ကော်မြို့၊ ပုတိမ်ရိုးကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးမှာရှိတဲ့ သူ့ရဲ့ ကားလက်မှတ်ရောင်းတဲ့အိမ်ဆိုင်မှာ ည ၇ နာရီခွဲကျော်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။
သေနတ်နဲ့ပစ်သတ်ခံရမှုကြောင့် ကိုမျိုးမင်းရဲ့ ရင်ဘတ်နဲ့ ဦးခေါင်း ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတဦးက “ကားလက်မှတ်ဝယ်မယ်ဆိုပြီး ခေါ်ပြီး ပစ်သတ်သွားတာ။ သူ့အိမ်ကလူတွေ ပြောတာကတော့ လူနှစ်ယောက်က ကားလက်မှတ်ဝယ်မယ်ဆိုပြီး ခေါ်တယ်၊ သူကလည်း ရောင်းဖို့ဆင်းသွားပြီး မကြာဘူး သေနတ်အသံလိုမျိုးကြားရလို့ ဆင်းကြည့်တော့ သေနေပြီ။ ပစ်ခံရတာတော့ ရင်ဘတ် ၃ ချက်၊ ခေါင်း ၂ ချက်ပါ။ ဘယ်အဖွဲ့က ပစ်တယ်လို့တော့ ကျနော်တို့လည်းမသိဘူး” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ခဲ့ပြီး သေဆုံးသွားတဲ့ ကိုမျိုးမင်းကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ကိုမျိုးမင်းကို ပစ်သတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ မထုတ်ပြန်သေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သထုံမြို့နယ်၊ ကျိုက္ကော်(သုဝဏ္ဏဝတီ)မြို့ တိုက်ကောက်ရပ်ကွက်မှာလည်း နိုဝင်ဘာ ၃၀ ရက်က စရဖသတင်းပေး ဦးသန်းနိုင်ကို HRS မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါသေးတယ်။