ရန်ကုန်၊ အင်းစိန်မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တို့မှာ ဇန်နဝါရီ ၁၈ ရက်က ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမ၊ Denko ဆီဆိုင်အနီးမှာ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်လောက်က လမ်းကွေ့မယ့် ကုန်တင်တွဲကားနဲ့ လမ်းမအတိုင်း မောင်းနှင်လာတဲ့ လိုက်ထရပ်ကားတို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
တွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “ဖြစ်တာက တညင်းကုန်းလမ်းဆုံဘက် သွားတဲ့ လမ်းမှာပါ။ ဒဏ်ရာရတာက လိုက်ထရပ်ကား ယာဉ်မောင်းနဲ့ ယာဉ်အကူက ရပြီးတော့ နှစ်ဦးစလုံး ဆုံးသွားတာပါ။ ယာဉ်အကူကတော့ အသက်ငွေ့ငွေ့လေး မီလိုက်သေးတယ်။ ဆေးရုံပို့ဆောင်နေတဲ့ လမ်းမှာတင် ဆုံးသွားတာပါ။ ယာဉ်မောင်းကတော့ ကားပေါ်မှာတင် ညပ်ပြီးတော့ အသက်ပါသွားတာ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ပေါ်ပါ အသက် ၄၀ ကျော်အရွယ် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်ပွားရာမှာပဲ သေဆုံးသွားပြီး အသက် ၃၅ နှစ်အရွယ် ယာဉ်အကူအမျိုးသားဟာ ဆေးရုံပို့ဆောင်နေတဲ့လမ်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုနေရာကို တွဲလက်လူမှုကူညီရေးအသင်း၊ အနာဂတ်သွေး လူမှုကူညီရေးအသင်းတို့က ရောက်ရှိကယ်ဆယ်ခဲ့ကြပြီး သေဆုံးသွားသူတွေကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းမ၊ စျေးဟောင်းအရှေ့မှာ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ လောက်က လမ်းဘေးရပ်ထားတဲ့ အိမ်စီးကား ၂ စီးကို အလုံမြို့နယ်ဘက်က မောင်းနှင်လာတဲ့ တိုယိုတာကားက ဝင်တိုက်မိခဲ့ပြီး ကားပေါ်ပါ အသက် ၃၀ ကျော်အရွယ် ယာဉ်မောင်းနဲ့ အမျိုးသား ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အားမာန်လူငယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကားက စုစုပေါင်း ၃ စီး တိုက်မိပါတယ်။ ဝင်တိုက်တဲ့ကားက အမျိုးသား ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိပါတယ်။ ဝင်တိုက်ခံရတဲ့ကားတွေက ကရောင်း ၁ စီးနဲ့ ကန်တာ ၁ စီးပါ” လို့ ပြောပါဝာယ်။
တိုယိုတာကား ဝင်တိုက်ခဲ့တာကြောင့် ကရောင်းအမျိုးအစား ကားတစီးမှာ ကြေမွပျက်စီး၊ ကန်တာကားမှာ ကားနောက်ပိုင်းနဲ့ ဘေးဘက်တွေ ပျက်စီးသွားတယ်လို့ သိရပြီး ဒဏ်ရာရရှိသူ ၂ ဦးကို အားမာန်လူငယ်အသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။